တောင်ကြီးတွင် ရှမ်းကွင်းဘေးရှိ ဆိုင်ခန်း ၂၀၀ ကျော် အဓမ္မ ဖျက်သိမ်းခိုင်းနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်။
ရှမ်းပြည် အစိုးရအဖွဲ့၏ ရာထူးအပြောင်းအလဲ မတိုင်မီ စီမံကိန်းများ အမြန်ဆုံး စတင်အကောင်အထည်ဖော်ရန် တောင်ကြီး ရှမ်းကွင်းဘေးရှိ ဆိုင်ခန်းနှင့် အိမ်ရာများကို အတင်းအဓမ္မ ဖျက်သိမ်းခိုင်းနေသည်။
တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အားကစားကွင်းဘေးရှိ လူနေတိုက်ခန်းများနှင့် ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ကို မတ် ၁၈ ရက်နေ့ မှစတင်၍ အပြီးသတ်ဖျက်သိမ်း ပြောင်းရွှေ့နေရကြောင်း ဒေသခံများနှင့် လမ်းသွားလမ်းလာများ က ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၏ အမိန့်ဖြင့် မတ်လ ၂၀ ရက်နေ့ကို နောက်ဆုံးထား ဖျက်သိမ်းခိုင်းထား ခြင်း ဖြစ်ပြီး သတ်မှတ်ရက်အတွင်း မဖျက်သိမ်းပါက ဘူဒိုဇာများဖြင့် အတင်းအဓမ္မ ဖျက်ဆီးမည်ဟု ခြိမ်း ခြောက်ထားသဖြင့် ဆိုင်ခန်းရှင်များမှာ အခက်အခဲများစွာကြားမှ ကိုယ်တိုင်ဖျက်သိမ်းနေကြရခြင်း ဖြစ်သည်။
အဆိုပါ ဖျက်သိမ်းမှုနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ဒီဇင်ဘာ ကတည်း က ဖျက်ခိုင်းထားတာ။ လူတွေကလည်း စာတင်ထားတယ်ဆိုတော့ ပေါ့ကြတာပေါ့။ ဒီကြားထဲ မဖျက်ခိုင်းတော့ ဘူးဆိုပြီး အမိန့်ထွက်သေးတယ်။ အဲဒါကြောင့်လည်း ပါတာပေါ့။ နောက်တော့ မဲရှုံးတော့ ရှုံးမဲမဲပြီး ပြန်ဖျက် ခိုင်းတာ။ အခုက လွှတ်တော်မစခင် ဦးအောင်အောင်က သူရှုပ်ထားသမျှ အကုန်ရှင်းခဲ့မှာ။ အဲဒီသဘောပဲ” ဟု ပြောသည်။
လက်ရှိတွင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စက်သုံးဆီရှားပါးမှုနှင့် လုပ်အားခစရိတ် ကြီးမားမှုများကြောင့် ဆိုင်ခန်းရှင် များမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖျက်သိမ်းနေရပြီး စီးပွားရေးအရ ထိုးနှက်ချက်ကြီးစွာ ကြုံတွေ့နေရသည်။
အစိုးရဘက်မှ အားကစားကွင်း အရှေ့ဘက်ရှိ လူနေတိုက်ခန်းများအတွက် မင်းကျန်စစ်အိမ်ရာတွင် အငှားစာချုပ် ဖြင့် ပြန်လည်နေထိုင်ခွင့် (သို့မဟုတ်) ကျပ်သိန်း ၅၀ တန် ဂရမ်ပါမြေကွက်ဖြင့် အစားထိုးပေးမည်ဟု ဆိုထား သော်လည်း ဆိုင်ခန်းရှင်များအတွက်မူ နေရာမမျှတမှုများ ရှိနေသည်ဟု ဆိုကြသည်။
အားကစားကွင်း တောင်ဘက်ရှိ ကားပစ္စည်းဆိုင်များကို ရွှေညောင်မြို့ရှောင်လမ်းဘေးသို့လည်းကောင်း၊ မြောက် ဘက်ရှိ စားသောက်ဆိုင်များကို အဝေရာမီးပုံးပျံကွင်းဘေးသို့လည်းကောင်း ပြောင်းရွှေ့ခိုင်းထားရာ မြို့လည် ခေါင် နေရာကောင်းများမှ မြို့စွန်သို့ ရောက်ရှိသွားသဖြင့် အရောင်းအဝယ်ပျက်စီးမည်ကို ဆိုင်ခန်းရှင်များက စိုးရိမ်နေကြသည်။
ဆိုင်ခန်းရှင်တစ်ဦးက “မီးပုံးပျံကွင်းဘက်ဆိုတာ အဝေးသင်တက္ကသိုလ်တက်တဲ့ အချိန်လောက်ပဲ ရောင်းရတာ။ ကျန်တဲ့ရာသီဆိုရင် ဈေးဦးပေါက်ဖို့တောင် အနိုင်နိုင်ပါ။ ပြန်ရတဲ့နေရာကလည်း ဘာမှအဆင်မပြေဘူး။ ကား ပစ္စည်းဆိုင်တွေဆိုရင် ရွှေညောင်အထိ သွားရတာဆိုတော့ နေ့တိုင်း အတက်အဆင်းလုပ်ရမယ့် ဆီဖိုးနဲ့တင် မနည်းဘူး။ ဒီကာလကြီးမှာ အခုလိုပြောင်းရတာ အပူပေါ်အပူဆင့်တာပါပဲ” ဟု ရင်ဖွင့်သည်။
အဆိုပါ ဖျက်သိမ်းသည့်နေရာတွင် လူငယ်စင်တာ၊ ရေကူးကန်နှင့် အားကစားနည်းများအတွက် တိုးချဲ့ဆောက် လုပ်မည်ဟု ဝန်ကြီးချုပ်က အကြောင်းပြထားသော်လည်း မြို့ခံများကမူ ၎င်းတို့၏ ကိုယ်ကျိုးစီးပွား လာဘ်ပေး လာဘ်ယူမှုများအတွက်သာ ဖြစ်သည်ဟု မြို့ခံများက ဝေဖန်နေကြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့တွင် တာဝန်ကျသည့် အရာရှိကြီးများမှာ မြို့စည်ပင်သာယာရေးကို အကြောင်းပြကာ စီမံကိန်းအမျိုးမျိုး ဖော်ဆောင်၍ ကိုယ်ကျိုးရှာမှုများ ရှိနေကြောင်း Non-CDM သတင်းရင်း မြစ်များကလည်း အတည်ပြုပြောဆိုထားသည်။
လက်ရှိတွင် ရှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် မတည်ငြိမ်မှုများ ရှိနေသည့်ကြားမှ ယခုကဲ့သို့ မြို့ပြ စီမံကိန်းများကို အတင်းအဓမ္မ အကောင်အထည်ဖော်နေခြင်းမှာ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုဖြစ် စေကြောင်း ဒေသခံများက ဆိုကြသည်။