ထားဝယ် ဗဟိုသင်္ကြန်မဏ္ဍာပ် အနီး ဒရုန်း တိုက်ခိုက်မှုတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်။
ထားဝယ်မြို့ပေါ်ရှိ တနင်္သာရီတိုင်း အစိုးရ ဗဟိုသင်္ကြန်မဏ္ဍပ်အနီး ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရမှုများအတွင်း သရက်ချောင်းမြို့နယ်မှ လာရောက်စစ်ဘေးရှောင်နေသည့် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဗုံးစ ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်၊ ညနေ ၃ နာရီခန့်က ဗဟိုမဏ္ဍပ်နှင့် မီတာ ၆၀၀ ခန့်သာ ကွာဝေးသော ရှမ္မလည်ဆွဲရပ်ကွက်၊ နတ်စင်လမ်းထိပ်တွင် ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ရှမ္မလည်ဆွဲရပ်ကွက်အတွင်းရှိ နတ်စင်လမ်းထဲတွင် စစ်ဘေးလာရောက် တိမ်းရှောင် နေသူ ဒေါ်စန်းယုမှာ ဗုံးစထိမှန်ခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရရှိမှု အခြေအနေနှင့် ပတ်သက်၍ ရှမ္မလည်ဆွဲရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “အမျိုးသမီးရဲ့ ခါးကနေ ဗိုက်ထဲကို ဖောက်ဝင်သွားတာမို့ ဒဏ်ရာတော့ အတော်လေး ပြင်းတယ်။ အခုလက်ရှိက ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသနေရတယ်” ဟု ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်အစိုးရ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ နတ်စင်လမ်းအတွင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ သင်္ကြန်အကြိုနေ့ ညနေ ၄ နာရီခန့်တွင် ထားဝယ်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး၌ တိုင်းဝန်ကြီးချုပ် ဇော်နိုင်ဦး ကိုယ်တိုင်တက်ရောက်၍ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ပြုလုပ်နေစဉ်အတွင်း ဒရုန်းဖြင့် တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားခဲ့သေးသည်။
ထိုနေ့တစ်နေ့တည်းမှာပင် တိုင်းလွှတ်တော်၊ ဝန်ကြီးများအိမ်ရာ၊ တိုင်းရဲတပ်ဖွဲ့ရုံးနှင့် ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစရှိသည့် စစ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား အခြေစိုက်ရာ နေရာများအနီးသို့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများ ဆက်တိုက်ရှိခဲ့ကြောင်း မြို့ခံများက ဆိုသည်။
ထို့ပြင် ဧပြီလ ၁၄ ရက်၊ သင်္ကြန်အကျနေ့ ညပိုင်းတွင်လည်း ဗဟိုမဏ္ဍပ်အနီး ဒရုန်းဖြင့် ဗုံးချခံခဲ့ရသော်လည်း ထိခိုက်မှု အခြေအနေကိုမူ အသေးစိတ် မသိရပေ။
ယခုနှစ် ထားဝယ်သင်္ကြန်ကာလအတွင်း မြို့ပေါ်ရှိ မဏ္ဍပ်များ၌ စစ်အစိုးရက လုံခြုံရေး အထူး တင်းကျပ်ထား သည့် ကြားမှ ဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။
လက်ရှိတွင် ဒရုန်းဗုံးစ ထိမှန်ခဲ့သည့် စစ်ရှောင်အမျိုးသမီး ဒေါ်စန်းယုမှာ ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရဆဲ ဖြစ်သည်။