ခက်ခဲသော သတင်းသမားများအား IPCM ကူညီမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
စစ်ကော်မရှင်၏ မတရားဖိနှိပ်မှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည့် သတင်းသမားများအတွက် လုံခြုံစွာနေထိုင်နိုင်ရေး ကူညီထောက်ပံ့မှုများ လုပ်ပေးသွားမည်ဟု လွတ်လပ်သော မြန်မာသတင်း မီဒီယာ ကောင်စီ IPCM ကပြောသည်။
ပြည်ပတွင် ရောက်နေသည့် သတင်းသမားများအတွက်လည်း တရားဝင် စာရွက်စာတမ်း ရရှိရေးအတွက် အကူအညီ ပေးသွားမည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကပြောသည်။
IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက “အဓိကကတော့ ဒီ IPCM ရဲ့ အရေးပေါ် ကူညီထောက်ပံ့မှုဆိုတာကတော့ ငွေသားပဲ ဖြစ်မှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဦး တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်က မတူကြဘူး။ ပုံစံမတူတဲ့ ထောက်ပံ့မှုမျိုး မဟုတ်ဘဲနဲ့ ငွေကြေးနဲ့ပဲ အတိုင်း အတာ ပမာဏတစ်ခုထိကို ထောက်ပံ့တာမျိုးနဲ့ အဲ့ဒီအပေါ်မှာ ဥပမာအားဖြင့် သူတို့ရဲ့ နေထိုင်ခွင့်အတွက်ကို လက်မှတ်ကုန်ကျမှုလားပေါ့နော် ဒါမှမဟုတ် တစ်နည်းလမ်း ပြောင်းရွှေ့ဖို့အတွက် ကုန်ကျမှုတွေလား အားလုံး ကတော့ ငွေသားနဲ့ပဲပေးသွားမယ်” ဟုပြောသည်။
စစ်ကော်မရှင်၏ မတရားဖိနှိပ်မှုများကြောင့် ပြည်တွင်း၌ သတင်းလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲ များ နှင့် ရင်ဆိုင်ကြရပြီး သတင်းသမားများမှာ ပြည်ပနိုင်ငံများနှင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။
ပြည်တွင်း၌ ရှိနေသည့် သတင်းထောက်များမှာလည်း အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ အခက်အခဲ မျိုးစုံ ကြုံနေရသည့် အခြေအနေများ၌ပင် သတင်းလုပ်ငန်းများမှာ ရပ်တန့်မသွားခဲ့ပေ။
ပြည်ပရောက် သတင်းထောက်တစ်ဦးက “လက်ရှိပြည်ပကို ရောက်နေတဲ့ သတင်းသမား တစ်ယောက်အနေနဲ့ ကတော့ ပထမဦးဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ အထောက်အထားရှိရှိနဲ့ နေထိုင်နိုင်ဖို့ အခက်အခဲရယ်၊ နေစရာရယ်ပေါ့နော် အဲ့ဒါတွေ လိုအပ်တယ်ပေါ့နော်။ စိတ်ပိုင်းဆိုင်ရာ ဆိုရင်လည်း မိသားစုနဲ့ ခွဲနေရတဲ့ခါမှာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ လည်းရှိတယ်။ နောက် နေစရာ၊ စားစရာ အဆင်မပြေတော့ လက်ရှိမှာလည်း တော် တော် ဒုက္ခရောက်နေကြတဲ့ သူတွေရှိတော့ နေစရာနဲ့စားစရာ အဓိက ဖြည့်ဆည်းပေးစေချင်တယ်။ လစာ လျှော့ ထားတာတွေလည်းရှိတော့ တကယ့်တကယ် အခက်အခဲဖြစ်နေတဲ့ သတင်းသမားတွေကို ထောက်ပံ့ပေးစေချင် တယ်” ဟု ပြောသည်။
IPCM မှ အရေးပေါ် အကူအညီပေးမည့် အစီအစဉ်ထဲတွင် သတင်းသမား တစ်ဦးချင်းအတွက် ပြည်တွင်း ပြည်ပ ရွှေ့ပြောင်းနေထိုင်မှု ကုန်ကျစရိတ် ကူညီထောက်ပံ့ခြင်းနှင့် နိုင်ငံပြင်ပတွင် တရားဝင် နေထိုင်ခွင့် အထောက် အထားရရှိရန် ကူညီထောက်ပံ့ပေးခြင်းတို့ ပါဝင်သည်။
ပြည်ပရောက် အမျိုးသား သတင်းထောက်တစ်ဦးက “IPCMက ကူညီနေတဲ့ဟာကို ကောင်းတယ်လို့ ကျနော်က တော့ မြင်ပါတယ်။ တကယ့်တကယ် ဒုက္ခရောက်နေတဲ့ သတင်းထောက်တွေကို ရှာဖွေပြီးတော့မှ တတ်နိုင် သလောက် ကူညီပေးပါ။ ကိုယ်နဲ့လက်သင့်ရာ ကိုယ်နဲ့ရင်းနှီးတဲ့ သတင်းထောက်တွေကိုပဲ အဲ့လိုမျိုးဟာတွေကို တော့ ရှောင်ကျဉ် ပေးစေချင်လိုပါတယ်” ဟု ပြောသည်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီအနေဖြင့် သတင်းသမားများအတွက် အရေးပေါ်အကူအညီ ထောက်ပံ့မှုပေးနိုင်ရန် အတွက် ပံ့ပိုးပေးနိုင်မည့် အစုအဖွဲ့များနှင့် ချိတ်ဆက်ညှိနှိုင်းပြီး ဆက်လက်ကြိုးပမ်း သွားမည်ဟု နန်းဖော့ဂေက ဆက်ပြောသည်။
“ရေရှည်လို့တော့ အပြည်အဝ အာမ မခံရဲသော်လည်း စဉ်ဆက်မပြတ် အကူအညီ ရှာပေးသွားမယ်ပေါ့ နော်။ အတိုင်းအတာ တစ်ခုလောက်ထိပေါ့လေ။ အပြည့်အစုံ တောက်လျှောက် ကူညီတာမျိုး မဟုတ်ဘဲနဲ့ တစ်ကြိမ်စာ တစ်ကြိမ်စာ အဲ့လိုမျိုးပေါ့နော်။ အရေးပေါ် ဆိုကတည်းက အရေးပေါ်လိုလို့ရှိရင် အရေးပေါ် ကူညီ တယ်။ နောက်ဆက်ပြီးတော့လည်း အခက်အခဲတွေကလည်း ရှိနေကြအုံးမှာပဲ ဆိုတော့ IPCM အနေနဲ့ကလည်း ဆက်ပြီးတော့ ကူညီနိုင်ဖို့အတွက်ကိုလည်း ကျန်တဲ့ ပံ့ပိုးပေးနိုင်တဲ့ အစုအဖွဲ့တွေနဲ့လည်း ဆက်လက်ပြီးတော့ ဆွေးနွေးမှုတွေ ချိတ်ဆက်မှုတွေပေါ့နော် ညှိနှိုင်းဆောင်ရွက်မှုတွေလည်း ဆက်လုပ်သွားမှာပါ။”
သတင်းသမားများ အနေဖြင့် [email protected] အီးမေးလ်ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်သည် ဟု IPCM က ဩဂုတ်လ ၁၅ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အရေးပေါ် အကူအညီထောက်ပံ့မှုကို မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်မှုကြောင့် အန္တရာယ် ရှိပြီး နိုင်ငံပြင်ပတွင် နေထိုင်ကြသော သတင်းသမားများ သို့မဟုတ် မီဒီယာလုပ်ငန်းတွင် လုပ်ကိုင်နေသူများ၊ ပြည်တွင်း၌ အရေးပေါ် ရွှေ့ပြောင်းနေထိုင်ရသူ သတင်းသမားများနှင့် မီဒီယာ လုပ်ငန်းတွင် လုပ်ကိုင် နေသူများ သာ ဖြစ်ရမည်ဟု ဆိုသည်။
ကိုယ်ရေးအချက်အလက်တို့ကို တင်ပြနိုင်ရမည် ဖြစ်ပြီး အရေးပေါ် ကူညီထောက်ပံ့ခြင်း လျှောက်လွှာများကို IPCM ၏ အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များ၊ လွတ်လပ်သော သတင်းမီဒီယာ ပညာရှင်များပါဝင်သည့် ကော်မတီမှ စိစစ်ဆုံးဖြတ်ကာ အရေးပေါ် ထောက်ပံ့မှုပေးသွားမည်ဟု ဆိုသည်။