စာရင်းပါပြီး လွတ်မလာသော နိုင်ကျဉ်းများ ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်။
လွတ်ငြိမ်းစာရင်းပါသော်လည်း ပြန်လွတ်မလာသေးသည့် နိုင်ငံရေးအကျဉ်းသားများအတွက် မိသားစုဝင်များ က စိုးရိမ်ပူပန်နေကြသည်။
နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးခံထား ရသူအများအပြားသည် လွတ်ငြိမ်းချမ်းသာခွင့် စာရင်းတွင် အမည်ပါဝင်သော်လည်း လက်ရှိအချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ပြောဆိုလိုက်သည်။
မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့်ဟုဆိုကာ စစ်ကော် မရှင်က နိုင်ကျဉ်း ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သော်လည်း အမှန်တကယ် လက်တွေ့တွင် လွတ် မြောက်လာသူမှာ ထက်ဝက်ခန့်သာ ရှိသေးကြောင်း PPNM က ဆိုသည်။
အထူးသဖြင့် ဒိုက်ဦး၊ မြင်းခြံ၊ ပေါင်းတည်၊ မအူပင်၊ အိုးဘိုနှင့် အင်းစိန်အကျဉ်းထောင်တို့တွင် ပုဒ်မ ၅၀-ည နှင့် ၅၂-က တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူအများစုမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
ယင်းအခြေအနေနှင့်ပတ်သက်၍ PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက “မနေ့ကတည်းက လွတ်ရ မယ့် ၅၂-က၊ ၅၀-ည တွေကို အခုအချိန်ထိ လွှတ်ပေးတာမျိုး မရှိဘူးပေါ့နော်။ ဗဟိုထောင်တွေမှာကအစ နာ မည် စာရင်းတွေ ပါပြီးတော့မှ ထောင်ထဲကို ပြန်ထည့်ထားတယ်လို့လည်း သိရတယ်။ ကျနော်တို့ ထုတ်ပြန် ထားတဲ့ အတိုင်းဆိုရင် ၃,၈၀၀ ဝန်းကျင်ပဲ ရှိသေးတယ်ပေါ့။ ဒါကို စစ်ကော်မရှင်ဘက်က ၇,၀၀၀ လွှတ်ပေး မယ်လို့ ပြောထားတာဖြစ်တဲ့အတွက် ထက်ဝက်လောက်ပဲ လွှတ်ပေးတဲ့ အခြေအနေမှာ ရှိပါသေးတယ်” ဟု ပြောသည်။
အထူးသဖြင့် ဒိုက်ဦးအကျဉ်းထောင်တွင် လွတ်ငြိမ်းခွင့်စာရင်းဝင် ၂၅၀ ခန့်ရှိသော်လည်း နိုင်ကျဉ်း ၂၀၀ ကျော်မှာ ယနေ့တိုင် အကျဉ်းထောင်အတွင်း ဆက်လက်ပိတ်လှောင်ခံထားရဆဲ ဖြစ်သည်။
ထိုသို့ စာရင်းပါသော်လည်း ပြန်မလွတ်လာသည့်အတွက် မိသားစုဝင်များမှာ သတင်းအမှန်ကို သိရှိနိုင်ရန် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြရသည်။
မရောင်နီလင်းက ဆက်လက်၍ “တချို့မိဘတွေကတော့ အရမ်းတွေ စိတ်ပူနေတယ်။ တစ်ချို့မိသားစုဝင်တွေ ဆိုရင် စစ်ကော်မရှင်ဘက်က အတိအလင်း ထုတ်ပြန်ထားရဲ့သားနဲ့၊ သူတို့ဒီအမှုပဲ ရှိရဲ့သားနဲ့၊ ကိုက်ညီရဲ့သားနဲ့ ဘာလို့ လွတ်မလာသေးတာလဲဆိုပြီး စိတ်တွေ အရမ်းပူကြတယ်” ဟု ပြောသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်ထဲတွင် ပုဒ်မ ၅၀-ည နှင့် ၅၂-က တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၇,၃၃၇ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး၊ စစ်ဆေးဆဲအမှု ၉၅၃ မှုမှ တရားခံ ၁,၂၄၈ ဦးကိုလည်း အမှုပိတ်သိမ်းလွှတ်ပေးမည်ဟု ဆိုထားသည်။
သို့သော် PPNM ၏ အချက်အလက်အရ လက်ရှိအချိန်ထိ ၃,၆၁၃ ဦးသာ လွတ်မြောက်သေးသည်ကို တွေ့ရ သည်။
စစ်ကော်မရှင်၏ ယခုလုပ်ရပ်သည် နိုင်ငံတကာ၌ မျက်နှာသာရရန် လုပ်ဆောင်လေ့ရှိသည့် ဟန်ပြ ခြေလှမ်း တစ်ခုသာဖြစ်ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက ထောက်ပြ ဝေဖန်လိုက်သည်။
“ဒါက နိုင်ငံတကာ ဖိအားပေးမှုရော၊ မျက်နှာသာရစေဖို့အတွက်ပါ သူတို့ လုပ်လေ့လုပ်ထ ရှိတာပါ။ ဒီနိုင်ငံရေးအကျဉ်းသားတွေက အစကတည်းက ဖမ်းဆီးခံသင့်တဲ့သူတွေ မဟုတ်ဘူး။ သူတို့ရဲ့ အဓမ္မ မတရား ဖမ်းဆီးထားတဲ့သူတွေ ဖြစ်တယ်။ ဒီကနေပြီးတော့ ပြန်လွှတ်လိုက်တယ်ဆိုတဲ့အပေါ်မှာ ကျေးဇူးတင်စရာ မရှိ ဘူး။ ဒါပေမဲ့ ပြန်လွတ်လာတဲ့သူတွေအတွက်တော့ ဝမ်းသာတယ်။ ကျန်ရှိနေသေးတဲ့သူတွေ လွတ်မြောက်ဖို့ အတွက်လည်း ကျနော်တို့အားလုံး ဝိုင်းဝန်းကြိုးစားဖို့ လိုတယ်” ဟု နိုင်ပီတာက သုံးသပ်ပြောဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာ သိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရဆဲ နိုင်ငံရေးအကျဉ်းသား ၂၂,၇၇၂ ဦးရှိနေပြီး၊ ၁၁,၅၃၆ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရဆဲ ဖြစ်သည်။
PPNM ကမူ ပုဒ်မ ၅၀-ည၊ ၅၂-က ဖြင့် ကျခံနေရသူများသာမက အခြားသော နိုင်ငံရေးပုဒ်မများဖြင့် မတရား ဖမ်းဆီးခံထားရသူ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ဆက်လက်တောင်းဆိုထားသည်။