ထိုင်းနယ်စပ် ဒုက္ခသည်များ အသက်ရှင်ရပ်တည်ရေး အခက်ကြုံ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်။ 

ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိ ဒုက္ခသည်စခန်းကိုးခုတွင် ခိုလှုံနေရသည့် မြန်မာဒုက္ခသည် တစ်သိန်းခန့်မှာ နိုင်ငံတကာ အကူအညီများ လျော့နည်းလာမှုနှင့်အတူ စားနပ်ရိက္ခာ ထောက်ပံ့မှု ဖြတ်တောက်ခံလိုက်ရသဖြင့် အသက်ရှင်ရပ်တည်ရေးအတွက် အကျပ်တွေ့နေကြသည်။

ဒုက္ခသည်များကို အဓိကပံ့ပိုးနေသည့် The Border Consortium (TBC) အဖွဲ့သည် အလှူရှင်နိုင်ငံများထံမှ ရန်ပုံ ငွေရရှိမှု လျော့နည်းသွားခြင်းကြောင့် စခန်းအတွင်းရှိ ဒုက္ခသည် ၉၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ကြေး ပေးအပ်မှု ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ 

ယခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည် စခန်း ကိုးခုမှ မြန်မာ ဒုက္ခသည်များကို စားနပ်ရိပ်က္ခာ ဖြတ်တောက်လိုက်ရခြင်း ဖြစ်သည်။

ယခင်က တစ်ဦးလျှင် တစ်လလျှင် ဘတ် ၃၀၀ မှ ၄၀၀ အထိ ရရှိခဲ့သော်လည်း အမေရိကန်အကူအညီ အပါအဝင် နိုင်ငံတကာအကူအညီများ ဖြတ်တောက်ခံရမှုကြောင့် လက်ရှိတွင် စားဝတ်နေရေးအတွက် လုံးဝမျှော်လင့်ချက် မရှိသလောက် ဖြစ်နေရသည်။

ရိက္ခာအခြေအနေနှင့်ပတ်သက်၍ ကရင်နီဒုက္ခသည်ကော်မတီ (KnRC) ဥက္ကဋ္ဌ နေကော်ထူးက အများဆုံးက သာမန်လူတွေနဲ့ မိမိခြေထောက်ပေါ် ရပ်တည်နိုင်တဲ့လူတွေပေါ့။ အဲ့ဒီအုပ်စုက ၈၀၊ ၈၅ ရာခိုင်နှုန်းကျော် လောက်ရှိတယ်။ အခုက အဲ့ဒီလူတွေကို မပေးနိုင်တော့ဘူး။ အထူးလိုအပ်သူနဲ့ လိုအပ်သူ ၂၀ ရာခိုင်နှုန်းဝန်းကျင် ကိုပဲ ဆက်ပေးနိုင်တော့မှာ။ ရိက္ခာလျှော့ချလိုက်တဲ့အတွက် ကျန်တဲ့သူတွေကတော့ မရတော့ဘူး ဟု လက်ရှိ ရင်ဆိုင်နေရသည့် အုပ်စုခွဲခြားထောက်ပံ့နေရမှုကို ရှင်းပြသည်။

ဒုက္ခသည်စခန်းများအတွင်း ရိက္ခာထောက်ပံ့မှု လျှော့ချရာတွင် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသော သာမန် အုပ်စုဝင်များကို ထောက်ပံ့မှု လုံးဝရပ်ဆိုင်းလိုက်ပြီး၊ ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းဝန်းကျော်ရှိသော အထူးလို အပ် သူများနှင့် အမှန်တကယ်လိုအပ်နေသူများကိုသာ ဦးစားပေးအုပ်စုအဖြစ် ဆက်လက်ပံ့ပိုးနေခြင်း ဖြစ်သည်။ 

အဆိုပါ ဦးစားပေးအုပ်စုတွင် ကိုယ်ဝန်ဆောင်များ၊ အသက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ပါဝင်ပြီး ၎င်း တို့ကိုလည်း အခြေအနေပေါ်မူတည်၍ ဆန်ပမာဏ ၁၂ ကီလို သို့မဟုတ် ၆ ကီလို စသည်ဖြင့် ခွဲခြားကာ ယခင် ထက် လျှော့ချထောက်ပံ့နေရသည်ဟု ဆိုသည်။ 

စခန်းအတွင်းရှိ ဒုက္ခသည်များ သာမက မြန်မာနိုင်ငံအတွင်းပိုင်းမှ စစ်ဘေးရှောင် (IDPs) များမှာလည်း အလားတူ အကူအညီမဲ့နေကြရသည်။ 

စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ဦးရေ တိုးလာနေသော်လည်း ရေရှည် အတွက် အလှူရှင်မရှိဘဲ တစ်နိုင်တစ်ပိုင်သာ ကူညီနေရကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) မှ နော်ချယ်ရီက ပြောသည်။

နော်ချယ်ရီက “IDP တွေအတွက် အမြဲတမ်း Donor (အလှူရှင်) ရှိလာသလားလို့မေးရင် မရှိဘူး။ အခုဆို အစား အသောက် တင်မကဘူး ဆေးဝါးကုသမှု အပိုင်းကလည်း အများကြီးလိုအပ်တယ်။ စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်း၊ ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတော့ ပစ္စည်းတွေဆုံးရှုံး ကုန်တယ်။ ဆိုတော့ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ။ Budget တွေလည်း အများကြီး လိုအပ်တာပေါ့ ဟု ပြောသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များသည် ရိက္ခာပြန်လည်ရရှိမည့်အချိန် မရေရာဘဲ ငတ်မွတ်မှုဒဏ် ကို ရင်ဆိုင်နေရသည်။ 

စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်ဦးရေမှာ သတ်မှတ်ဘတ်ဂျက်ထက် နှစ်ဆ၊ သုံးဆခန့် ပိုမိုများပြားလာ သဖြင့် ရရှိထားသည့် အကူအညီများမှာ ထိရောက်မှုမရှိဘဲ ဖြစ်နေသည်။

အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများနှင့် ထိုးစစ်များကြောင့် ကရင်ပြည် အတွင်း စစ်ဘေးရှောင် ၁.၂ သန်းကျော်အထိ တိုးလာကာ ဆေးရုံနှင့် စာသင်ကျောင်းများပါ ပစ်မှတ်ထားခံ နေရသဖြင့် ဆေးဝါးနှင့် ရိက္ခာများ ပြတ်လပ်နေသည်။ 

နယ်စပ်စခန်းများတွင် ရိက္ခာဖြတ်တောက်ခံရမှုနှင့် စစ်ရှောင်သစ်များ အဆမတန် တိုးလာမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းစဉ်မှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး အခြေအနေသို့ ဆိုက်ရောက်နေသည်။

ဓါတ်ပုံ – Network Media Group