အမျိုးသမီး စစ်မှုထမ်းခေါ်ယူရန် မြို့ကြီးများတွင် စာရင်းကောက်ခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်။ 

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်အင်အားပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် မွန်၊ ကရင်နီနှင့် ရှမ်းပြည်တို့ရှိ မြို့ကြီးများတွင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများကိုပါ စစ်မှုထမ်းရန်အတွက် စာရင်းလိုက်လံကောက်ယူနေကြောင်း ဒေသခံများနှင့် အဖွဲ့အစည်းအသီးသီးက ပြောသည်။

မွန်ပြည်၊ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့တွင် အုပ်ချုပ်ရေးအဖွဲ့များက အိမ်တိုင်ရာရောက် လိုက်လံ စစ်ဆေး နေပြီး အမျိုးသမီးများ၏ အသက်၊ အမည်နှင့် အိမ်ထောင်ရှိ၊ မရှိ အချက်အလက်များကို အဓိကကောက်ယူနေ ခြင်း ဖြစ်သည်။ 

ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက အာဏာသိမ်းစစ်အုပ်စုက သူတို့ ကို မလိုလားတဲ့ ပြည်သူကို ပြန်သတ်ဖို့အတွက် လူငယ်တွေကို စစ်မှုထမ်းစုဆောင်းတာပါ။ အမျိုးသားတွေတင် မက အမျိုးသမီးတွေကိုပါ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ပုံစံမျိုး လုပ်လာတာဟာ မဖြစ်သင့်တဲ့ အခြေအနေ တစ်ခုပါ ဟု ထောက်ပြသည်။

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုကို စစ်မှုထမ်းခေါ်ယူရန် အချက် အလက် စုဆောင်းမှုအဖြစ် အသုံးချခဲ့ပြီး၊ လက်ရှိတွင် ကရင်နီပြည်၊ လွိုင်ကော်မြို့၌လည်း တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦးနှုန်းဖြင့် ပထမဆုံးအကြိမ် စတင်ခေါ်ယူနေပြီ ဖြစ်သည်။ 

ယင်းလုပ်ရပ်နှင့် ပတ်သက်၍ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဦးဗညားက အခုကာလမှာက ကိုယ့်နိုင်ငံရဲ့ လုံခြုံရေးအတွက် မဟုတ်ဘဲနဲ့ စစ်အာဏာရှင်ရဲ့ အသက်ရှင် ရပ်တည်ဖို့ အတွက် လူငယ်တွေကို စစ်မှုထမ်း အတင်းအဓမ္မ စေခိုင်းခြင်းဟာ လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေ၊ နိုင်ငံ တစ်နိုင်ငံ ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာမှ အာမခံချက်မရှိဘဲနဲ့ သေတွင်းကို ပို့နေတဲ့ ပုံစံဖြစ်တယ်။ အာဏာရှင် ဆက် တည်မြဲဖို့အတွက် လူငယ်တွေ အသက်စတေးရတဲ့အပြင် ကျနော်တို့ နိုင်ငံပျက်စီးခြင်း၊ လူငယ်အရင်းအမြစ်ကို ဆုံးရှုံးခြင်းဆိုတဲ့ဟာကိုပဲ ဦးတည်သွားတာပေါ့။ ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တော်တော်လေးကို အဟန့်အတား ဖြစ်စေပြီးတော့ အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်လို့ပဲ သုံးသပ်လို့ရပါတယ် ဟု ပြောသည်။

ဤလုပ်ရပ်သည် နိုင်ငံတော်လုံခြုံရေးအတွက် မဟုတ်ဘဲ အာဏာရှင် သက်ဆိုးရှည်ရေးအတွက် လူငယ်များကို သေတွင်းပို့နေခြင်းသာဖြစ်ကြောင်း ဦးဗညားက ပြောသည်။

မြေပြင်တွင် စာရင်းကောက်ခံရမှုနှင့်ပတ်သက်၍ တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက အရင်လတွေ ကတည်း က စာရင်းကောက်သွားတာရှိပေမယ့် အခု ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာတော့ အမျိုးသမီးတွေကိုပဲ သီးသန့် ပစ်မှတ်ထားပြီး ထပ်ကောက်နေတာပါ။ ဘယ်သူ့ကိုမဆို မဲနှိုက်ရမယ်၊ ခေါ်ရင်လိုက်ရမယ်ဆိုတဲ့ လေသံတွေနဲ့ ပြောသွားတော့ လူငယ်တွေရော မိဘတွေပါ ညဘက်အိပ်မပျော်တဲ့အထိ စိုးရိမ်နေကြရတယ် ဟု မြေပြင် အခြေအနေကို ပြောသည်။

ရှမ်းပြည်၊ တောင်ကြီးမြို့ရှိ ကန်အောက်၊ ဈေးပိုင်းနှင့် ဟော်ကုန်းရပ်ကွက်များတွင် အမျိုးသမီးများကို အဓိက ထား စာရင်းကောက်ယူနေပြီး၊ စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းသင်တန်းမှာ လက်ရှိတွင် အပတ်စဉ် ၂၂ အထိ ရောက်ရှိလာပြီဖြစ်သည်။ 

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ အချက်အလက်များအရ အပတ်စဉ် ၁၆ အထိတွင်ပင် သင်တန်းဆင်းတပ်သား ၇၇,၀၀၀ ဝန်းကျင်အထိ ရှိနေပြီဖြစ်ကာ စစ်ကော်မရှင်သည် အမျိုးသမီး အင်အားကိုပါ စစ်မျက်နှာပြင်သို့ တွန်းပို့ရန် ပြင်ဆင်နေပုံ ရသည်ဟု သုံးသပ်ထားသည်။