ရေနံစိမ်း ဈေးနှုန်း ၂ ဆ ခုန်တက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်။ 

အီရန်စစ်ပွဲ (၅) ရက်မြောက်နေ့သို့ ရောက်ရှိလာချိန်တွင် ရေနံစိမ်းစျေးနှုန်းမှာ နှစ်ဆနီးပါး မြင့်တက်လာပြီး ကမ္ဘာတစ်ဝှမ်း လောင်စာဆီနှင့် ကုန်စျေးနှုန်းများ မြင့်တက်လာနိုင်သည့် အလားအလာများ ရှိနေပါသည်။ 

စစ်ပွဲမတိုင်မီက ရေနံတစ်စည်လျှင် ၇၅ ဒေါ်လာမှ ၈၅ ဒေါ်လာကြား ရှိခဲ့ရာမှ ဟော်မုဇ်ရေလက်ကြား၌ သင်္ဘောများ ပိတ်မိနေမှုကြောင့် လက်ရှိတွင် ရေနံစိမ်းစျေးနှုန်းမှာ ၁၅၀ ဒေါ်လာကျော်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။

အမေရိကန် ဗဟိုစစ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ အီရန်ရေတပ်သင်္ဘော အစင်း ၂၀ ကို ဖျက်ဆီးလိုက်ပြီးနောက် အဆိုပါ ရေလက်ကြားအတွင်း အီရန်စစ်သင်္ဘောများ သွားလာခြင်း မရှိတော့ဟု ဆိုသည်။ 

သို့သော်လည်း အီရန်နိုင်ငံဘက်မှ ကမ်းခြေပစ်ဒုံးကျည်များနှင့် ဒရုန်းများကို အသုံးပြု၍ ရေလမ်းကြောင်းကို ဆက်လက်ခြိမ်းခြောက်နေဆဲ ဖြစ်သည်။ 

ထို့ကြောင့် ကုန်သွယ်ရေးသင်္ဘောနှင့် ရေနံတင်သင်္ဘော ရာပေါင်းများစွာမှာ ရေလက်ကြားအတွင်းသို့ ဝင်ရောက်ရန် စိုးရိမ်နေကြသဖြင့် ပြင်ပ၌ ကျောက်ချရပ်နားထားကြရသည်။

အီရန်အစိုးရက အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ မရပ်တန့်ပါက ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင် ပိတ်ပစ်မည်ဟု တရားဝင် သတိပေးထားသည်။ 

အီရန်သည် ရေမြှုပ်မိုင်းများ ခင်းထားနိုင်ခြေ ရှိသဖြင့် အမေရိကန်ရေတပ်က မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိသည်။ 

ရေနံစိမ်းစျေးနှုန်းများ ခုန်တက်သွားသကဲ့သို့ သင်္ဘောများအတွက် ရေကြောင်းအာမခံကြေး များမှာလည်း အဆမတန် မြင့်တက်သွားခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာလျက် ရှိပါသည်။