ကြက်ခြေနီ အဖွဲ့အား အခြေအနေပြောပြသည့် နိုင်ကျဉ်း ရိုက်နှက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်။ 

ICRC ထံ အခြေအနေများ တင်ပြသည့် နိုင်ငံရေး အကျဉ်းသားအား သာယာဝတီထောင် အာဏာပိုင်များ က ဝိုင်းဝန်းရိုက်နှက်ပြီး ဆေးကုသခွင့်ပါ ပိတ်ပင်ထားသည်။

ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်အတွင်း နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) နှင့် တွေ့ဆုံစဉ် ထောင်တွင်းဖိနှိပ်မှုများကို တင်ပြခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုမျိုးကျော်ထက် (ခ) သိုးသိုးမှာ အကျဉ်းထောင် အာဏာပိုင်များ၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ 

၎င်းသည် လက်ရှိတွင် ပြင်းထန်ဒဏ်ရာများဖြင့် တိုက်ပိတ်ခံထားရပြီး လိုအပ်သည့် ဆေးကုသခွင့်များလည်း ပိတ်ပင်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအစောပိုင်းတွင် ICRC အဖွဲ့ သာယာဝတီထောင်သို့ လာရောက်သည့် ခရီးစဉ် အတွင်း ကိုမျိုးကျော်ထက်က အကျဉ်းသားများ၏ ရပိုင်ခွင့်များ ဆုံးရှုံးနေမှုနှင့် ဖိနှိပ်ခံရသည့် အခြေအနေများကို တင်ပြခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ တင်ပြခဲ့မှုအပေါ် မကျေနပ်သည့်အတွက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အကျဉ်းဦးစီးအရာရှိ ကြည်ဖြိုးအောင် ဦးဆောင်သောအဖွဲ့က ကိုမျိုးကျော်ထက်ကို ပင်မအကျဉ်းထောင်အတွင်းသို့ ခေါ်ဆောင်သွား ကာ လူမဆန်စွာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်း ဖြစ်သည်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက အကျဉ်းသားဆိုတာ အခက်အခဲနဲ့ ကြုံတွေ့ရမှုတွေ တင်ပြမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိရင် အဲ့ဒီနိုင်ငံဟာ စစ်အာဏာရှင် အုပ်စိုးတဲ့ လူ့အခွင့်အရေး ဆိုးဝါးတဲ့နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတကာလို အဖွဲ့အစည်းလိုမျိုး တင်ပြတာတောင် ဒီလိုဖြစ်တယ်ဆိုရင် ပုံမှန် အခြေအနေမှာ ဘယ်လောက်ထိ ဆိုးဝါးနေမလဲဆိုတာကို နိုင်ငံတကာအနေနဲ့ ပိုပြီးတော့မှ တွေးဆကြည့်လို့ရမယ်လို့ ပြောချင် ပါတယ် ဟု ပြောသည်။

ထောင်ဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ကိုမျိုးကျော်ထက်မှာ မျက်နှာတစ်ခြမ်း ဖူးယောင်ညိုမဲခြင်း၊ နားအတွင်းမှ သွေးထွက်သံယိုဖြစ်ခြင်း စသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ 

သို့သော်လည်း မတ်လလယ်အထိ ၎င်းအား ဆေးကုသခွင့်မပေးသည့်အပြင် အပြင်လူများနှင့်ပါ အဆက်အသွယ် ဖြတ်တောက်ထားသည်။ 

အကျဉ်းသားများက အဆိုပါ မတရားမှုကို အရေးယူပေးရန် တောင်းဆိုသည့်အခါတွင်လည်း အာဏာပိုင်များက လက်နက်များဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

ကိုသိုက်ထွန်းဦးက ဆက်လက်၍ ဒီပုံစံက ဘာကို သွားနေလဲဆိုတော့ Jungle Law ဥပဒေအရ ထောင်ထဲမှာ ထောင်အာဏာပိုင်တွေက လုပ်ချင်တာ လုပ်လို့ရတယ် အဲ့ဒါကို ထောက်ပြတဲ့ သူတွေပါ အန္တရာယ်ရှိနိုင်တယ် ဆိုတာမျိုးပေါ့နော်။ ဒါကို မသိချင်ယောင် ဆောင်ကြဖို့ဆိုတဲ့ သဘောမျိုး ရိုက်သွင်းနေတယ်လို့ ပြောချင်ပါ တယ် ဟု ပြောသည်။

သာယာဝတီထောင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသား ၃ ဦးက စားသောက် ရေးနှင့် ကျန်းမာရေး အခက်အခဲများကို တင်ပြခဲ့ဖူးသည်။ 

လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံတင်ပြမှုအပေါ် လက်တုံ့ပြန် ညှဉ်းပန်းနှိပ်စက်နေခြင်းမှာ အကျဉ်းသားများ၏ အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်နေခြင်း ဖြစ်ပြီး သာယာဝတီထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများမှာ အကာအကွယ်မဲ့စွာဖြင့် စိုးရိမ်ထိတ်လန့်နေရကြောင်း PPNM က ဆိုသည်။