ရုရှား ရေနံစက်ရုံ ရပ်ဆိုင်းမှုကြောင့် ရေနံဈေးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။ 

ရေနံချက် စက်ရုံများကို ယူကရိန်းက တိုက်ခိုက်မှုကြောင့် ရုရှား ရေနံ တင်ပို့မှု ကျဆင်းလာပြီး ကမ္ဘာ့ ရေနံဈေးတက်လာနေသည်။ 

တဖက်တွင်လည်း ရုရှားက ဗျူဟာမြောက်အရေးပါသည့် Dnipropetrovsk ဒေသအတွင်း ခြေကုတ်ဝင်ယူ လာနေသည်။ 

ယူကရိန်းက ရုရှား၏ စွမ်းအင် အခြေခံ အဆောက်အအုံများကို ဒရုန်း တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင် လာနေသည်။ 

တနင်္ဂနွေနေ့က ရေနံတင်ပို့သည့် ဆိပ်ကမ်း တစ်ခုကို တိုက်ခိုက်ခဲ့ပြီး လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း ရေနံချက်စက်ရုံကြီး တစ်ခုကို တိုက်ခိုက်ခဲ့သည်။ 

အဆိုပါ ရေနံချက်စက်ရုံက တစ်နှစ်ကို မက်ထရစ်တန် ၅ သန်း သို့မဟုတ် တစ်ရက်ကို ရေနံစည် ၁၀၀,၀၀၀ ထုတ်လုပ်နိုင်သည်။ 

တဖက်တွင်လည်း အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေသော အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုများ ပြင်းပြင်းထန်ထန် တိုးချဲ့ လုပ်ဆောင်မည်ဟု ပြောနေခြင်းကလည်း ရေနံဈေးကို တက် စေသည်။ 

တနင်္လာနေ့က Brent Crude Future ရှယ်ယာ ၁.၅၈ % တက်သွားပြီး West Texas Crude Intermediate Future ရှယ်ယာ ၁.၇၉% တက်သွားခဲ့သည်။ 

တချိန်တည်းမှာပင် ရုရှားက ယူကရိန်းအပေါ် ထိုးစစ်များ တိုးမြှင့်လာနေပြီး Donetsk ဒေသကို ကျော်ပြီး Dnipropetrovsk ဒေသကို ခြေကုတ်ဝင်ယူနေပြီ ဖြစ်ကြောင်း ယူကရိန်းက ဝန်ခံလိုက်သည်။ 

အဆိုပါ ဒေသကို ရုရှားက ရရှိသွားပါက ယူကရိန်း စစ်တပ်၏ စိတ်ဓါတ်ရေးရာကို အကြီးအကျယ် ခြိမ်းခြောက် နိုင်မည်ဟု လေ့လာသူများက ဆိုသည်။