မြစ်ကြီးနား-မန္တလေးလမ်းတွင် ကားများ ပိတ်မိနေဆဲဖြစ်၍ ခရီးမသွားကြရန် သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်းတွင် မိုးရွာသွန်းမှုနှင့် စစ်ရေး အခြေအနေများကြောင့် ခရီးစဉ်များ ကြန့်ကြာနေပြီး အချို့ယာဉ်များမှာ ၁၁ ရက်ကျော်ကြာ ပိတ်မိနေ သဖြင့် လက်ရှိတွင် ခရီးမသွားသင့်သေးကြောင်း လမ်းကြောင်းပြေးဆွဲနေသည့် ကားသမားများက ပြောသည်။
အင်းတော်မြို့နယ်အတွင်းရှိ ကွင်းလမ်းများမှာ မိုးရွာသွန်းချိန် ကားများ ဖြတ်သန်းသွားလာခဲ့ခြင်းကြောင့် ဗွက်ထူ နေဆဲဖြစ်ပြီး လမ်းအခြေအနေ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်သဖြင့် နန့်သဲနှင့် မင်းကုန်းကျေးရွာထိပ်တို့တွင် ယာဉ်သွားလာမှုကို ပိတ်ပင်ထားသည်။
အဆိုပါ လမ်းကြောင်း၌ ပြေးဆွဲနေသည့် ကားသမားတစ်ဦးက “နောက်ဆုံးအခြေအနေကတော့ လမ်းက ရေ ကျော်တာတွေဘာတွေတော့ မိုးမရွာတော့လို့ မရှိတော့ဘူး။ မိုးရွာ တုန်းက အင်းတော်ကွင်းလမ်းထဲမှာ ရောက် နေတဲ့ကားတွေ ရုန်းထားတော့ ဗွက်တွေက ရှိနေတုန်းပဲ။ အဲတော့ အရမ်းဆိုးသွားမှာစိုးလို့ အဖွဲ့အစည်းတွေက တစ်ဖြတ်တစ်ဖြတ် ပိတ်ထားတာရှိတယ်။ နမ့်သဲမှာတစ်ဖြတ်၊ မင်းကုန်းရွာထိပ်မှာတစ်ဖြတ် ပိတ်ထားကြတယ်” ဟု ပြောသည်။
မိုးရွာသွန်းမှုကြောင့် ရေကျော်သည့်နေရာများမှာ ယခုအခါ ရေပြန်ကျသွားပြီ ဖြစ်သော်လည်း ကွင်းလမ်းများတွင် ဗွက်များကျန်ရှိနေသေးသည့်အတွက် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ပုံမှန်အတိုင်း သွားလာနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် လမ်းခရီး ကြာမြင့်နေသည့် အခြေအနေမှာ ယခင်ထက်ပင် ပိုမိုဆိုးရွားလာပြီး ဇူလိုင်လ ၃၀ ရက်နေ့က မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာလာသည့် ကားအချို့မှာ ယနေ့အချိန်အထိ မြစ်ကြီးနားသို့ မရောက်ရှိသေး ကြောင်း ဆိုသည်။
အခြား ကားသမားတစ်ဦးကလည်း “အခုအချိန်ကတော့ အရင်အခြေအနေထက်ကို လုံးဝမသွားသင့်ဘူး ဖြစ်နေ တာ။ ဘယ်လောက်ခရီးစဉ်က ကြာလဲဆိုရင် ၇ လပိုင်း ၃၀ ရက်နေ့က ထွက်သွားတဲ့ကားတွေ မြစ်ကြီးနားကို မဝင်သေးဘူး။ အခုဆို ၁၁ ရက်ရှိနေပြီ။ တချို့ကားတွေဆို အဲထက် ကြာနိုင်တယ်” ဟု ဆက်ပြောသည်။
မြစ်ကြီးနား – မန္တလေး လမ်းကြောင်းပေါ်ရှိ မော်လူး၊ နဘားလမ်းဆုံ၊ နဘားရွာနှင့် အင်းတော်မြို့တို့တွင် စစ်တပ် က အထိုင်ချတပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ခရီးသွားပြည်သူများသည် အဓိက ကားလမ်းမကြီးကို မသုံးကြဘဲ ကွင်းလမ်းများကိုသာ အသုံးပြုနေကြရခြင်း ဖြစ်သည်။
ထို့ပြင် အင်းတော်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မဲဇာချောင်း၊ လေးတန်ချောင်းနှင့် နမီး ချောင်းတို့ ရေကြီးရေလျှံမှုဖြစ်ကာ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာများ ရေဘေးဒုက္ခ ရင်ဆိုင်နေရသလို လမ်းတံတားများလည်း ပျက်စီးခဲ့သည်။
လမ်း၊ တံတားများ လွန်စွာ ပျက်စီးနေသည့်အတွက် ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရွှေဘို-မြစ်ကြီးနား လမ်းမပေါ်ရှိ အင်းတော်မြို့နယ် ကားလမ်းနှင့် ကွင်းလမ်းအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ် ထားမည်ဟု အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထား သည်။
မြစ်ကြီးနား – မန္တလေး လမ်းပိုင်းတွင် လမ်းပိတ်ဆို့မှုကြောင့် ကားများ ရက်ရှည်ပိတ်မိနေခြင်းမှာ ယခုတစ်ကြိမ် တည်း မဟုတ်ဘဲ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း နဘား – ကသာ လမ်းပိုင်းနှင့် ကွင်းလမ်းများတွင် ယာဉ် များ ရက်ပေါင်းများစွာ ပိတ်မိခဲ့ပြီး ကုန်စည်အချို့ ပျက်စီးဆုံးရှုံးခဲ့ဖူးသည်။
လက်ရှိတွင် တိုက်ပွဲများနှင့် မိုးရွာသွန်းမှုကြောင့် ကွင်းလမ်းများပါ သွားလာခွင့် ပိတ်ထားရသည့်အတွက် ကချင်ပြည်အတွင်း ကုန်စည်ပြတ်လပ်မှုများနှင့် ကုန်ဈေးနှုန်း မြင့်တက်သည့် အခြေအနေများ ဖြစ်ပေါ်လျက် ရှိသည်။