သံတွဲ ကျောက်ကြီးကျေးရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၁၄ ဦးအထိ ထပ်မံမြင့်တက်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။

စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် အစုလိုက်အပြုံ လိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်၌ ယနေ့နောက်ဆုံး စာရင်းများအရ သေဆုံးဦးရေမှာ ကလေးငယ်များအပါအဝင် ၁၄ ဦး ရှိသွားပြီ ဖြစ်သည်။


ယမန်နေ့က ကနဦး သတင်းထုတ်ပြန်ချက်တွင် သေဆုံးသူ ၁၀ ဦးသာ အတည်ပြုနိုင်ခဲ့သည်။ 

ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁ နာရီခန့်တွင် စစ်အုပ်စုတပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးသည် ကျောက်ကြီး ကျေးရွာ ဓမ္မရောင်ခြည် ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်သို့ ပေါင် ၃၀၀ ဟု ယူဆရသည့် ဖျက်အားပြင်း ဗုံးသီးသုံးလုံးကို မိနစ် ၂၀ နီးပါး လှည့်ပတ်၍ ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အာရက္ခတပ်တော် (AA) က အဆိုပါ တိုက်ခိုက်မှုအပြီး ယမန်နေ့က ကနဦး သေဆုံးသူ စာရင်း ထုတ်ပြန်ခဲ့ပြီး ယနေ့ (ဩဂုတ်လ ၁၁ ရက်) နံနက်ပိုင်းတွင် ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

မြေပြင်၌ အကူအညီပေးနေသူ ဒေသခံတစ်ဦးက နေရာတင် သေသွားတဲ့သူတွေ ရှိသလို ချက်ချင်းရှာမတွေ့တာ လည်း ရှိတယ်။ ဒဏ်ရာရသူတွေလည်း အရမ်းများ တယ်။ ဒဏ်ရာရတဲ့သူတွေကိုလည်း ရွာထဲက ရနိုင်တဲ့နည်းနဲ့ အရေးပေါ် ကူညီပေးနေရတယ်။ အသေအပျောက်ကတော့ တဖြည်းဖြည်း ထပ်တိုးလာတာမျိုးလို့ ပြောလို့ရ တယ်ဟု ပြောသည်။

သေဆုံးသွားသူများမှာ အသက် ၆ နှစ်အရွယ် မောင်အောင်မြင့်မြတ်နှင့် ၉ နှစ်အရွယ် မဘုန်းပွင့်စံတို့လို ကလေး ငယ်များ အပါအဝင် အသက် ၈၀ ကျော်အရွယ် အဘိုးအဘွားများ ပါဝင်ပြီး သေဆုံးသူများ အားလုံးမှာ ကျောက်ကြီးကျေးရွာမှ ဒေသခံပြည်သူများ ဖြစ်ကြသည်။ 

ထို့ပြင် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားများ၏ နေအိမ် အဆောက်အအုံ ၂၀ လောက်မှာလည်း လုံးဝနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။

အခုရွာမှာက ဘာစစ်ရေးမှ မရှိဘဲနဲ့ အပြစ်မဲ့ ပြည်သူတွေကို တမင် ပစ်မှတ်ထားပြီး လာကြဲသွားတာ။ တမင်ကြဲ တာလို့ပဲ ထင်တယ်။ သေကြ ဒဏ်ရာရတာတွေ စိတ်ထဲမကောင်းဘူး။ အသေ အပျောက်ထဲမှာ ကလေးတွေရော ဘိုးဘွားတွေရော ပါသွားတာ မြင်ရတာ အရမ်းစိတ်မကောင်းဘူး။ အခုချိန် အထိလည်း နောက်ထပ် လေယာဉ် ထပ်လာမလားဆိုပြီး ရွာသားတွေအားလုံး စိုးရိမ်ထိတ်လန့်နေရတုန်းပဲ ဟု ဒေသခံ တစ်ဦးက ဆက်ပြောသည်။

သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပြီး ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ကလည်း ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ ပြည်သူများ နေထိုင်ရာ နေရာများကို တိုက်လေယာဉ် အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချခဲ့သေးသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်၊ ၂၃ ရက်၊ ၂၄ ရက်၊ ၂၇ ရက်နှင့် ၃၁ ရက်နေ့တို့တွင်လည်း သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က နေ့ရော ညပါ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲခဲ့သဖြင့် အရပ်သား သေဆုံးဒဏ်ရာရရှိသူ များပြားခဲ့ပြီး အဆောက်အအုံ အများအပြား ပျက်စီးခဲ့ရသည်။

နယ်မြေအတွင်း စစ်တပ်၏ စစ်ရေးရှုံးနိမ့်မှုများနှင့်အတူ အရပ်ဘက် ပစ်မှတ်များကို လေကြောင်းမှ ပြင်းပြင်းထန် ထန် တုံ့ပြန်တိုက်ခိုက်နေသည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်တပ်၏ လေကြောင်းနှင့် ရေကြောင်း အန္တရာယ်များကို ယခင်ထက် ပိုမိုဂရုစိုက်ကြရန် အာရက္ခတပ်တော် (AA) က အသိပေး တိုက်တွန်းထားသည်။