မော်ချီး သတ္တုတွင်းဒေသ ဗုံးကြဲ၊ အရပ်သား တစ်ဦး ပြင်းထန် ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။ 

ကရင်နီ (ကယား)ပြည်၏ အဓိကသတ္တုတွင်းဒေသဖြစ်သော မော်ချီးမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြော သည်။

မော်ချီးမြို့ကို စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၃၀ ရက်နေ့၊ ညနေပိုင်းတွင် လေကြောင်းမှတစ်ဆင့် ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား အမျိုးသားတစ်ဦး ဗုံးစထိမှန်ပြီး စိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ဒေသခံတစ်ဦးက ထိုဖြစ်စဉ်ကို အသံလည်း မကြားရဘူး၊ ဗြုန်းခနဲ သူချတယ်။ အရင်ဆုံး တစ်လုံးချတယ်၊ ပြီးမှ သူ့ပေါ် ပါလာတဲ့ ပွိုင့် ၈ (.8) ကို သူပစ်ချတယ်။ လာကြဲတဲ့ အချိန်ကတော့ ၄ နာရီခွဲ၊ ၅ နာရီ ဝန်းကျင်မှာ ပဲ။ အလုပ်ခွင်ဟောင်းမှာပဲ၊ အိမ်တွေဘာတွေတော့ မထိဘူး။ အဲ့ဒီထိတဲ့ တစ်ယောက်က အဝေးကနေ ဗုံးအစ စင်ထိတာ ဟု ရှင်းပြသည်။

ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ မော်ချီးမြို့၊ အလုပ်ခွင်ဟောင်းနေရာတစ်ခုကို ဇန်နဝါရီလ ၃၀ ရက်၊ ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်၏ တိုက်လေယာဉ်တစ်စီးက ရုတ်တရက်ရောက်ရှိလာပြီး ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အမျိုးသားတစ်ဦးမှာ ရင်ဘတ်တွင် ဗုံးစထိမှန်ခဲ့ပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရသည်။ 

မော်ချီးဒေသသည် စစ်ကော်မရှင်၏ လေကြောင်းပစ်မှတ်အဖြစ် အကြိမ်ကြိမ် ခံနေရသည့် ဒေသဖြစ်ပြီး၊ ပြီးခဲ့ သည့် ၂၀၂၅ ခုနှစ်အတွင်း၌ပင် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။

ယခင်နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း မော်ချီးရှိ ခဲလုပ်ကွက် ၃ ခုကို စစ်တပ်က ဗုံးကြဲခဲ့သဖြင့် ခဲလုပ်သား ၅ ဦး သေဆုံးခဲ့ရသည့် သာဓကများ ရှိခဲ့သည်။ 

မော်ချီးမြို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်သည် လက်လွှတ်လိုက်ရသည့် နယ်မြေများသို့ လေကြောင်းမှ တစ်ဆင့် အရပ်သားပစ်မှတ်များကိုသာ ဦးတည်တိုက်ခိုက်နေခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းရန်မှာ မည်သည့်အချိန်တွင်မဆို ကျရောက်လာနိုင်သည့်အတွက် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များအနေဖြင့် ဗုံးခိုကျင်းများ စနစ်တကျတူးထားကြရန်နှင့် လေကြောင်း သတိပေးချက်များကို အထူးဂရုပြုရန် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။