ကြယ်ငါးပွင့် အဆင့် သက်တောင့်သက်သာရှိစေမည်ဆိုက တောင်ကိုရီးယားက ကနေဒါကို ရေငုတ်သင်္ဘောရောင်းရန် ကမ်းလှမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။
တောင်ကိုရီးယားနိုင်ငံက ကြယ်ငါးပွင့် အဆင့် သက်တောင့်သက်သာရှိမည့် ဒီဇိုင်း ထည့်သွင်းပေးမည်ဟု ဆိုကာ ကနေဒါက လိုအပ်နေသော ရေငုတ်သင်္ဘောများ ရောင်းချရန် ကမ်းလှမ်းလိုက်သည်။
ကနေဒါရေတပ်သည် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက အသုံးပြုခဲ့သော ဟောင်းနွမ်းနေသည့် ရေငုပ်သင်္ဘောများနေရာတွင် အစားထိုးရန်အတွက် အမေရိကန်ဒေါ်လာ (၁၂) ဘီလီယံကျော် တန်ဖိုးရှိသည့် ဒီဇယ်စွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော (၁၂) စီး ဝယ်ယူရေးစီမံကိန်းကို ပြင်ဆင်လျက်ရှိသည်။
ယင်းစီမံကိန်းတွင် တောင်ကိုရီးယားနိုင်ငံက ၎င်းတို့၏ ရေငုပ်သင်္ဘောများကို “ကြယ်ငါးပွင့်ဟိုတယ်” အဆင့် သက်တောင့်သက်သာရှိစေမည့် ဒီဇိုင်းများဖြင့် ထည့်သွင်းတည်ဆောက်ပေးမည်ဟု ဆိုကာ တင်ဒါအောင်မြင်ရန် ကမ်းလှမ်းလာခဲ့သည်။
တောင်ကိုရီးယား သမ္မတ၏ စီမံကိန်းညွှန်ကြားရေးမှူးချုပ် ကန်ဟွန်းဆစ် (Kang Hoon-sik) ဦးဆောင်သောအဖွဲ့သည် ကနေဒါနိုင်ငံသို့ သွားရောက်၍ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။
တောင်ကိုရီးယားက ၎င်းတို့၏ ရေငုပ်သင်္ဘောများကို “မိမိတို့၏ သားသမီးများ ကိုယ်တိုင်စီးနင်းမည့် သင်္ဘောကဲ့သို့ အန္တရာယ်ကင်းရှင်းရမည်ဖြစ်ပြီး သက်တောင့်သက်သာ နားနားနေနေ ရှိရမည်” ဟူသော စိတ်ဓာတ်ဖြင့် တည်ဆောက်ထားကြောင်း နှိုင်းယှဉ်တင်ပြခဲ့သည်။
ဤစီမံကိန်းသည် လက်နက်ဝယ်ယူရေးသက်သက်မဟုတ်ဘဲ ရေရှည်စက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိုပါ ရည်ရွယ်သည်။
တောင်ကိုရီးယား၏ နာမည်ကြီး Hanwha နှင့် Hyundai ကုမ္ပဏီကြီးများသည် ကနေဒါကုမ္ပဏီများနှင့်အတူ AI နည်းပညာ၊ ဂြိုဟ်တုနှင့် အာရုံခံစနစ် (Sensor) ဆိုင်ရာ သဘောတူညီချက် (၆) ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ကနေဒါနိုင်ငံတွင် အလုပ်အကိုင်ပေါင်း (၂၀,၀၀၀) ခန့် ဖန်တီးပေးရန် ကတိပြုထားသည်။
လက်ရှိတွင် တောင်ကိုရီးယားသည် ဤစီမံကိန်းအတွက် ဂျာမနီနိုင်ငံ၏ Thyssenkrupp (TKMS) ကုမ္ပဏီနှင့် ယှဉ်ပြိုင်နေရသည်။
အကယ်၍ တောင်ကိုရီးယားအနေဖြင့် ဤတင်ဒါကို အောင်မြင်ခဲ့ပါက ၎င်းတို့နိုင်ငံအတွက် အကြီးမားဆုံးသော အနောက်နိုင်ငံဈေးကွက် (NATO ဈေးကွက်) သို့ အလုံးအရင်းဖြင့် ထိုးဖောက်ဝင်ရောက်နိုင်မည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်သည်။