အမေရိကန် ရေငုပ်သင်္ဘောက အိန္ဒိယသမုဒ္ဒရာအတွင်း အီရန် စစ်သင်္ဘောကို တော်ပီဒိုဖြင့် ပစ်ခတ်နှစ်မြှုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်။ 

သီရိလင်္ကာနိုင်ငံအနီးတွင် အမေရိကန်ရေငုပ်သင်္ဘောက အီရန်စစ်သင်္ဘောတစ်စင်းကို တိုက်ခိုက်နှစ်မြှုပ်လိုက်သဖြင့် လူ ၈၇ ဦးထက်မနည်း သေဆုံးသွားခဲ့သည်။ 

ဤဖြစ်စဉ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖောက်ကလန်ကျွန်းတိုက်ပွဲအပြီးတွင် ပထမဆုံးအကြိမ် ရေငုပ်သင်္ဘောမှ တော်ပီဒိုဖြင့် စစ်သင်္ဘောတစ်စင်းကို ပစ်ခတ်နှစ်မြှုပ်ခြင်း ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာအတွင်း သီရိလင်္ကာတောင်ဘက် ကမ်းရိုးတန်းအနီးတွင် အမေရိကန်ရေငုပ်သင်္ဘောက အီရန်စစ်သင်္ဘော IRIS Dena ကို တော်ပီဒိုဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က “အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ထဲတွင် ဘေးကင်းပြီဟု ထင်နေသည့် အီရန်စစ်သင်္ဘောကို အမေရိကန်ရေငုပ်သင်္ဘောက တော်ပီဒိုဖြင့် ပစ်ခတ်ပြီး ‘တိတ်ဆိတ်သော သေခြင်းတရား’ ပေးလိုက်ခြင်း ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ 

အဆိုပါ IRIS Dena စစ်သင်္ဘောသည် အိန္ဒိယနိုင်ငံတွင် ပြုလုပ်သည့် ရေတပ်စစ်ရေးလေ့ကျင့်မှုမှ အပြန်လမ်းတွင် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး သင်္ဘောပေါ်၌ လူ ၁၈၀ ခန့် ပါရှိရာ ၃၂ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့သည်။