စစ်ကော်မရှင်တပ်က အရပ်သားများ၊ ဘာသာရေး အဆောက်အဦများ၊ ဘုရားကျောင်းများအား ပစ်မှတ်ထား၊ စစ်ရာဇဝတ်မှုများကျူးလွန်နေဟု IEC ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ 

စစ်ကော်မရှင်တပ်က ကရင်နီပြည် အပါအဝင် နိုင်ငံတစ်ဝှမ်း၌ လူထုရပ်ရွာများထဲ အပြင် ဘာသာရေး အဆောက် အအုံများ၊ ဘုရားကျောင်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှုကို ကျူး လွန်ခြင်း ဖြစ်သည်ဟု ကရင်နီပြည်သူများနှင့် ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ပြောသည်။

စစ်ကော်မရှင်တပ်က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက တနန်းဥကွိုင်ကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမျိုး မရှိဘဲ တနန်းဥကွိုင်ကျေးရွာထဲကို စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် လေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် ဘုရားကျောင်း ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်က ယခုကဲ့သို့ ဘာသာရေး အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ဗုံးကြဲ တိုက်ခိုက်နေခြင်းက စစ်ရာဇဝတ်မှုမြောက်သည်ဟု IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောသည်။

စစ်ရာဇဝတ်မှု မြောက်တယ်ပေါ့နော်။ ဒါကသေချာတာတစ်ခုကတော့ တပ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေက သူတို့ ပစ်မှတ်ထားတဲ့နေရာမှာ ဘာသာရေး အဆောက်အအုံတွေကို မထိရဘူးဆိုတာပါတယ်နော်။ နောက်ဆုံးရှင်းရှင်း ပြောရရင် တချို့အဆောက်အအုံတွေတောင်မှ ပစ်ခတ်ဖို့ဆိုရင်တောင်မှ တိကျတဲ့ ပစ်မှတ်ပဲပြောရမယ်ပေါ့နော်။ ဘာမှတိုက်ပွဲလည်း မရှိဘူး။ လူလည်းမနေ စစ်ရေးပစ်မှတ်အဖြစ် ပြန်သုံးတာလည်း မဟုတ်တဲ့ အဆောက်အအုံ ကို ပစ်ခတ်တိုက်ခိုက်ခြင်းက လူထု အများပိုင် အဆောက်အအုံကို ဖျက်ဆီးခြင်းဟာ စစ်ရာဇဝတ်မှု မြောက် တယ်လို့ ပြောလို့ရတယ်ပေါ့နော်။

စစ်တပ်က အာဏာသိမ်းပြီး ချိန်မှစတင်ပြီး ယခုနှစ် ဩဂုတ်လအထိ ကရင်နီပြည်နှင့် ကယန်းဒေသအတွင်းရှိ ဘာသာရေး အဆောက်အအုံပေါင်း ၅၈ လုံးပျက်စီးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF အဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တနန်းဥကွိုင်ရွာခံ အမျိုးသမီးတစ်ဦးက အဲ့ဒီဘုရားကျောင်းက ကိုယ်တွေအတွက်ဆိုရင် အမှတ်တရများစွာ ရှိတဲ့နေရာ၊ ပြီးတော့ ပြောရရင် လူငယ်ပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် ရွာသားတွေ ဆုံဆည်းရာဆိုလည်း မမှားဘူး ပေါ့နော်။ ဘုရားဝတ်ပြုကြတယ်။ ကိုယ်ဆိုလည်း ငယ်ငယ်ကနေ ဒီစစ်ပြေးမတိုင်ခင်အထိ အဲ့ဒီဘုရားကျောင်း ကိုပဲ အမှီပြုပြီး နေလာခဲ့ရသလို ဘုရားကျောင်းမှာလည်း ဘုရားရဲ့ နှုတ်ကပတ်တော်ကို နားထောင်ရင်းနဲ့ ကြီး ပြင်းလာခဲ့ရတယ်။ ဆိုတော့ ပိုပြီးတော့ ဒါဝမ်းနည်းစရာ ဖြစ်တယ်ပေါ့နော် ဟု ပြောသည်။

တနန်းဥကွိုင်ကျေးရွာမှာ စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့တို့ ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာနှင့် နီးသည်ဟု ဆိုသည်။

သို့သော်လည်း အဆိုပါ တနန်းဥကွိုင်ကျေးရွာထဲ၌ နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားခြင်းမျိုး မရှိခဲ့ဘူးဟု ရွာသားများက ပြောသည်။

အနီးအနားရှိ အခြားကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရွာသားများမှာမူ ကျေးရွာထဲ၌ အမြဲ မနေကြဘူးဆိုသည်။ ထို့ကြောင့် လေယာဉ် ဗုံးကြဲခံရချိန်၌ ဘုရားကျောင်းသာ ပျက်စီးသွားပြီး လူထုမှာမူ ထိခိုက် ခြင်းမျိုး မရှိခဲ့ပေ။ 

ဘာသာရေးဆိုင်ရာ အဆောက်အအုံများမှာ သက်ဆိုင်ရာ ဘာသာဝင်များ၏ အထွဋ်အမြတ်ထားသည့် နေရာ ဖြစ်ပြီး စုပေါင်းအလှူငွေများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်၍ ဒေသခံပြည်သူ ရွာသားများ၏ စည်းလုံးညီညွတ်မှု ကို ပြသသည့် နေရာလည်း ဖြစ်သည်ဟု ဆိုကြသည်။

ထို့အပြင် ဘာသာဝင်များအတွက် ငြိမ်းချမ်းမှု၊ အချင်းချင်းကြား ဝိညာဉ်ရေးပိုင်းဆိုင်ရာ တည်ဆောက်ရာ၊ ခွန် အားယူရာ နေရာ၊ ဗိမာန်တော် ဖြစ်သောကြောင့် ယခုကဲ့သို့ ပျက်စီးသွားသည့် အပေါ် ရွာသားများက စိတ်မကောင်း ဖြစ်နေကြသည်။

#IEC #Karenni #တနန်းဥကွိုင်ကျေးရွာ #PKPF #စစ်ရာဇဝတ်မှု