အစ္စရေးနှင့် ရုရှား စစ်တပ်များကို လိင်အကြမ်းဖက် စစ်တပ်များအဖြစ် UN သတ်မှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်။
ပဋိပက္ခအတွင်း အရပ်သားများနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုများ ရှိခဲ့ခြင်းကြောင့် အစ္စရေးနှင့် ရုရှား လုံခြုံရေးတပ်ဖွဲ့များကို ကုလသမဂ္ဂက ပထမဆုံးအကြိမ်အဖြစ် အမည်ပျက်စာရင်း (Blacklist) သို့ ထည့်သွင်းလိုက်သည်။
လာမည့် သောကြာနေ့တွင် တရားဝင် ထုတ်ပြန်ရန်ရှိသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နှစ်ပတ်လည် အစီရင်ခံစာမူကြမ်းအရ အစ္စရေးတပ်ဖွဲ့များသည် ဖမ်းဆီးထိန်းသိမ်းထားသည့် ပါလက်စတိုင်း အမျိုးသား၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားသည်။
အလားတူ ယူကရိန်းနိုင်ငံအတွင်း ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားတပ်ဖွဲ့များနှင့် ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း ရာနှင့်ချီကိုလည်း ကုလသမဂ္ဂက မှတ်တမ်းတင်ထားသည်။
အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ အစ္စရေးနှင့် ရုရှား နှစ်နိုင်ငံလုံးက ပြင်းပြင်းထန်ထန် ငြင်းဆိုပယ်ချထားသော်လည်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) အနေဖြင့် ပြီးခဲ့သည့်နှစ်ကတည်းက ကြိုတင်သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကုလသမဂ္ဂ၏ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ နာမည်ပျက်စာရင်းတွင် မြန်မာစစ်တပ် (တပ်မတော်) သည် ၂၀၁၈ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ဖြစ်စဉ်များကြောင့် နှစ်ရှည်လများ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခများအတွင်း၌လည်း စစ်တပ်အနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လက်နက်သဖွယ် ဆက်လက်အသုံးပြုနေကြောင်း ထောက်ပြ၍ ကုလသမဂ္ဂက မြန်မာစစ်တပ်ကို ယခုစာရင်းတွင် ဆက်လက် ထားရှိဆဲ ဖြစ်သည်။