KNU၊ KNPP ယာယီရပ်ဆိုင်းမှု: NUCC ညှိနှိုင်းဖြေရှင်းမည်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။
ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ယာယီရပ်ဆိုင်းမှုအပေါ် NUCC ညှိနှိုင်းဖြေရှင်းနိုင်ရေး အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှ အဖွဲ့ဝင်အင်အားကြီးနှစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ ယာယီရပ်ဆိုင်းမှုနှင့် စပ်လျဉ်း၍ အများပြည်သူ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်နှင့် ညီညွတ်မှုကို ထိန်းသိမ်းရန်အတွက် ညှိနှိုင်းရေးအဖွဲ ့တစ်ရပ်ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
NUCC သည် KNU နှင့် KNPP တို့၏ အကြောင်းကြားစာကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လက်ခံရရှိပြီးနောက် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ စတင်ခဲ့ခြင်း ဖြစ်သည်။
NUCC ၏ အဓိကရည်ရွယ်ချက်မှာ အများပြည်သူကြား ပျံ့နှံ့နေသော ‘နုတ်ထွက်သည်’ ဟူသည့် မှားယွင်းသည့် သတင်းများကို ရှင်းလင်းရန်ဖြစ်သည်။
NUCC က ၎င်းတို့အနေဖြင့် ဤလုပ်ရပ်ကို ‘ယာယီရပ်ဆိုင်းခြင်း’ သာဖြစ်သည်ဟု တရားဝင် ရှင်းလင်းထား သည်။
နိုင်ငံရေးလေ့လာသူများက ဤယာယီရပ်ဆိုင်းမှုသည် တော်လှန်ရေးကာလအတွင်း အဖွဲ့အစည်းအချင်းချင်း မူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် ကြိုးပမ်းခြင်း ဖြစ်နိုင်သည်ဟု သုံးသပ် ကြသည်။
ကချင်နိုင်ငံရေး လေ့လာသူ တစ်ဦးက “ဒီလို တင်းမာမှုမျိုးဟာ ခေါင်းဆောင်ပိုင်း ဖွဲ့စည်းပုံ မတူညီတဲ့ အဖွဲ့ကြီး တွေကြားမှာ ပေါ်ပေါက်နိုင်ပါတယ်။ အခုလိုမျိုး ညှိနှိုင်းဖို့ အဖွဲ့ဖွဲ့တာကိုလည်း ကြိုဆိုပါတယ်။ ဒါပေမယ့် လက် တွေ့မှာ ဘာတွေလုပ်မလဲဆိုတာ စောင့်ကြည့်မယ်။ ဒီကိစ္စကို အချိန်မီ မဖြေရှင်းနိုင်ရင် တော်လှန်ရေးရဲ့ နိုင်ငံ ရေး ရုပ်ပုံလွှာကို ထိခိုက်နိုင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
NUCC အနေဖြင့် ညှိနှိုင်းရေး ကာလအတွင်း၌လည်း တော်လှန်ရေးကို ရှေးရှုကာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ပါ ကတိကဝတ်များအတိုင်း ၎င်းတို့၏ တာဝန်များကို ဆက်လက် ဆောင်ရွက်သွားမည်ဟု အာမခံပြောဆိုထား သည်။
KNU နှင့် KNPP တို့သည် မြေပြင်တွင် စစ်ကော်မရှင်တပ်များကို အပြင်းအထန် တိုက်ခိုက်နေသော အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သောကြောင့် ၎င်းတို့၏ ယာယီရပ်ဆိုင်းမှုက တော်လှန်ရေးအပေါ် ပြည်သူများ စိုးရိမ်ပူပန်နေကြသည်။
ရှမ်းမြောက်ဒေသခံ တက်ကြွလူငယ်တစ်ဦးက “KNU နဲ့ KNPP လို အဖွဲ့ကြီးတွေဟာ စစ်ကောင်စီကို အား အကိုးရဆုံး တိုက်ခိုက်နေတာပါ။ ဒီနှစ်ဖွဲ့ NUCC ကနေ ဘာကြောင့် ယာယီရပ်ဆိုင်းရသလဲဆိုတာကို သိချင် တယ်။ ဒါပေမဲ့ NUCC က ဒါကို ညှိနှိုင်းပြီး ရှင်းလင်းပေးမယ်ဆိုရင် တော်လှန်ရေးအပေါ် ယုံကြည်မှု မပျက် ပြားဖို့ မျှော် လင့်ပါတယ်”ဟု ပြောသည်။
NUCC သည် ညှိနှိုင်းရေးအဖွဲ့မှတစ်ဆင့် အဆိုပါ အဖွဲ့နှစ်ဖွဲ့နှင့် စေ့စပ်ဆွေးနွေးကာ နိုင်ငံရေး ခေါင်းဆောင်မှု ညီညွတ်ရေးကို မပျက်အောင် ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။