လက်နက်သယ်ယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ခြုံခို တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပျူစောထီးစခန်းသို့ လက်နက်သယ်ပို့သည့် ယာဉ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ရာ ၆၀ မမ စိန်ပြောင်းအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ပျူစောထီးစခန်းတစ်ခုသို့ ပို့ဆောင်ရန် ရည်ရွယ်သည့် လက်နက်ခဲယမ်းများ သယ်လာသော ရဲနှင့် ပျူစောထီးများ လိုက်ပါသည့် ယာဉ်နှစ်စီးအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကြားဖြတ် ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှု၌ ၆၀ မမ စိန်ပြောင်း (မော်တာ) တစ်လက် အပါအဝင် စစ်လက်နက်ပစ္စည်းနှင့် ယာဉ်များကို သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများက ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုသည် စစ်ကော်မရှင်နှင့် ၎င်း၏နောက်ခံအဖွဲ့အစည်းများ၏ ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်စွမ်းရှိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဆိုသည်။
တိုက်ခိုက်ရာတွင် ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက “နယ်မြေကွင်းဆင်းနေတဲ့ အချိန်မှာ လက်နက်ခဲယမ်း တွေ သယ်လာတဲ့ ကားနှစ်စီး လာလိမ့်မယ်လို့ သတင်းရတာကြောင့် ခြုံခိုတိုက်ခိုက်လိုက်တာပါ” ဟု ပြောသည်။
တိုက်ခိုက်မှုကို နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် ဘုရားထွက်ကျေးရွာဘက်မှ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးစခန်းသို့ ဦးတည် မောင်းနှင်လာသည့် ကားနှစ်စီးကို ယမုံကျေးရွာအနီး ကားလမ်းပိုင်းတွင် လက်ဦးမှုယူကာ ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး အဖွဲ့များ၏ ထိရောက်သော ပစ်ခတ်မှုကြောင့် ရဲနှင့် ပျူစောထီးများသည် ကားပေါ်မှဆင်း ၍ ထွက်ပြေးကြရာတွင် ၅ ဦး သေဆုံးပြီး ၂ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ထွက်ပြေးသူများထဲမှ အချို့မှာ ခဲမိုင်းချောင်းအတွင်းသို့ ပြုတ်ကျကျန်ရစ်ခဲ့ကြောင်းလည်း ပြောသည်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
ပူးပေါင်းတပ်ဖွဲ့ဝင်များက ပျူစောထီးများ ကျန်ထားရစ်ခဲ့သည့် ယာဉ်အတွင်းမှ အရေးပါသော လက်နက်ခဲယမ်း များကို သိမ်းဆည်းနိုင်ခဲ့ရာ၊ ၎င်းတို့ထဲတွင် ၆၀ မမ မော်တာပြောင်းတစ်ခုနှင့် ၆၀ မမ ကျည်သီး ၅ လုံး အပြင်၊ ၉ မမ ကျည် ၃၈ တောင့်၊ M-36 နာနတ်သီး လက်ပစ်ဗုံး ၂ လုံး၊ အူဇီကျည်ဘောက် ၂ ခု၊ ဓားမြှောင် ၁ ချောင်း၊ ဖုန်း ၁ လုံးနှင့် ပျူစောထီးယူနီဖောင်း (၁) စုံတို့ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ကားဒရိုက်ဘာနှင့် ပျူစောထီးအဖွဲ့ဝင်ဟောင်းဆိုသူ ၂ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကာ အရေးယူ ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည်ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။