အမျိုးသမီးအား သေနတ်ဖြင့် ခြိမ်းခြောက်ရိုက်နှက်သည့် PDF စစ်ထောက်ချုပ်အား တိုင်ကြားမှု အရေးမယူသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။
အမျိုးသမီးတစ်ဦးအား နေပြည်တော် PDF စစ်ထောက်ချုပ်က သေနတ်ဖြင့် ခြိမ်းခြောက် ရိုက်နှက်ခြိမ်းခြောက်မှုအား တိုင်ကြားထားသော်လည်း တုံ့ပြန်မှု မရှိသေးဘူးဟု အကူအညီပေးနေသူများက ပြောသည်။
အရပ်သား အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ရိုက်နှက်ခဲ့သည့် နေပြည်တော် PDF အဖွဲ့က စစ်ထောက်ချုပ် ဗိုလ်ဓူဝံကို အရေးယူပေးပါရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ထံ တိုင်ကြားထားသည် ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများနှင့် အကူအညီပေးနေသူများက ပြောသည်။
ပြည်သူကို စစ်အာဏာရှင်၏ နှိပ်စက်မှုမှ ကာကွယ်ရန် တော်လှန်ရေးလုပ်နေသည့်ကာလ၌ အကြီးအကဲတစ်ဦး၏ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် တော်လှန်ရေး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည်ဟု ဝေဖန်မှုများ ရှိနေသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၈ ရက်နေ့ ညပိုင်းက ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၌ ဗိုလ်ဓူဝံ ဖွင့်လှစ်ထားသည့် ဟော့ပေါ့ဆိုင်တွင် လာရောက်ခိုလှုံနေသူ မသန္တာအောင် (ညောင်ရွှေဇာတိ) ဆိုသူ အမျိုးသမီးအား ဗိုလ်ဓူဝံက ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ဗိုလ်ဓူဝံ၏ ဇနီးနှင့် ငယ်သူချင်းဖြစ်သောကြောင့် ထိုည၌ ဗိုလ်ဓူဝံတို့ လင်မယား စကားများရာတွင် လည်ပင်းညှစ်ခံထားရသည့် ဇနီးသည်အား ကူညီဖြန်ဖြေပေးခဲ့ရာမှ အဆိုပါ အကြမ်းဖက်မှု စတင်ခဲ့ခြင်း ဖြစ်သည်။
နီးစပ်သူ တစ်ဦးက “ဘာကြောင့်ရိုက်တယ်လို့လည်း အဲ့လို ရေရေရာရာလည်း မရှိဘူးဗျ။ ရန်ဖြစ်နေတဲ့ အချိန် မှာ အဲ့အစ်မ တားတဲ့ပုံစံမျိုးပေါ့။ ဘာလို့ ရန်ဖြစ်နေကြတာလဲလို့ သွားမေးတဲ့ အချိန်မှာ ငါတို့ရန်ဖြစ်နေကြတာ နင့်ကြောင့်ပဲဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။ ပြီးတော့မှ ဗုံးကျင်းထဲကနေ သေနတ် ၃ လက်ပေါ့။ အရှည် ၂ လက် အတိုတစ်လက် ယူလာပြီးတော့ သူရိုက်လိုက်တာပေါ့။ ပြီးတော့ သေနတ်နဲ့ ချိန်တယ်” ဟု ဖြစ်စဉ်ကို ရှင်းပြသည်။
နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ဗိုလ်ဓူဝံသည် ဖြန်ဖြေပေးသူ မသန္တာအောင်ကို ရန်ဖြစ်ရခြင်း၏ အကြောင်းရင်းဟု စွပ်စွဲကာ ဒေါသထွက်ခဲ့ပြီးနောက် အကြမ်းဖက်ကျူးလွန်ခဲ့ကြောင်း ဆိုသည်။
မသန္တာအောင်သည် သေနတ်ဖြင့် နားထင်အား ချိန်ရွယ်ခြင်း၊ နားရင်းနှင့် လက်မောင်းများအား သေနတ်ဒင်ဖြင့် ထုနှက်ခြင်းတို့ကို ခံခဲ့ရပြီး အညိုအမည်း စွဲကျန်သည့် ဒဏ်ရာများ ရရှိခဲ့သည်။
လက်ရှိ ဖြစ်စဉ်အား NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) အပါအဝင်၊ ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP)၊ ကရင်နီ အမျိုးသမီးများ အစည်းအရုံး (KNOW) စသည့် သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းများစွာထံ တိုင်ကြားခဲ့သည်။
သို့သော် လတ်တလောတွင် နေပြည်တော် PDF ဗဟိုက တိုင်စာမရရှိသေးဟု ငြင်းဆိုနေပြီး၊ အခြားအဖွဲ့အစည်း များကလည်း အရေးယူရန် တုံ့ဆိုင်းနေကြောင်း ဆိုသည်။
လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “ဒီမနက်ကတည်းက အဲဒီ အစ်မနဲ့ စကားပြော ဖြစ်တာပေါ့။ ဖြစ်တဲ့နေ့ကတည်းက ဘယ်လိုလုပ်ရမလဲ တိုင်ပင်တာပေါ့လေ။ လောလောဆယ်တော့ မထူးသေးဘူး။ တိုင်ထားတဲ့ အဆင့်ပဲ ရှိသေးတယ်။ အဲလောက်ပဲ ပြောလို့ရမယ်ဗျ” ဟု ပြောသည်။
မသန္တာအောင်၏ ဒဏ်ရာသည် မပြင်းထန်သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက လက်နက်ဖြင့် အရပ် သားကို ချိန်ရွယ်ရိုက်နှက်သည့် ကိစ္စရပ်အား ထိထိရောက်ရောက် အရေးယူပေးရန် ကူညီဆောင်ရွက်သူများက တောင်းဆိုလျက်ရှိသည်။
“အဓိက ပြည်သူကို သေနတ်နဲ့ ချိန်တယ်။ ရုံးမှာ အကြီးအကဲ ဖြစ်နေတဲ့ လူတစ်ယောက်က လက်နက်နဲ့ ချိန်လို့ ရလားပေါ့။ ဒါကိုမကြိုက်လို့ ကျနော်တို့က တော်လှန်ရေး လုပ်တာလေနော်။ အဲအချိန်မှာ ဒီလိုမျိုး လုပ်တာတွေ ကို ကျနော်တို့က လက်မခံဘူးပေါ့နော်။ အဲ့အတွက် တိုင်ရတာ ဖြစ်တာပေါ့နော်။ ပြီးတော့ တခြားအမျိုးသမီး တွေလည်း လူမသိသူမသိ ခံရတာတွေ အများကြီးပဲပေါ့။ ဒါတွေကြောင့် တရားစွဲကြတာပါ” ဟု ကူညီပေးနေသူ တစ်ဦးက ပြောသည်။
ထို့ကြောင့် ကံယာကံရှင် မသန္တာအောင် အပါအဝင် ယခင် ကျူးလွန်ခံရသူများကပါ အလားတူဖြစ်စဉ်များ ထပ် မဖြစ်စေရန် ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုထားကြောင်း နီးစပ်သူများက ပြောသည်။