ဟော်မုဇ်ရေလက်ကြားတွင် ဧရာမ ရေနံ တင်သင်္ဘော ရေမြုပ်မိုင်း ထိကာ နစ်မြုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။

ဟော်မုဇ်ရေလက်ကြားတွင် မိုင်းထိမှန်ပြီး ရေနံစိမ်းစည် ၂ သန်းကျော် တင်ဆောင်လာသည့် သင်္ဘောကြီး နစ်မြုပ်ကြောင်း အီရန်က ထုတ်ပြန်သည်။

ကမ္ဘာ့ရေနံကုန်သွယ်ရေးအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြားအတွင်း ရေမြှုပ်မိုင်းထိမှန်ပြီး မီးလောင်ခဲ့သည့် ဧရာမ ရေနံတင်သင်္ဘောကြီးတစ်စင်း နစ်မြုပ်သွားပြီဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာသည်။

ပါရှန်ပင်လယ်ကွေ့ တောင်ပိုင်းရေပြင်တွင် နစ်မြုပ်သွားသည့် အဆိုပါသင်္ဘောပေါ်၌ ရေနံစိမ်းစည်ပေါင်း ၂ သန်းကျော် ပါဝင်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံက ဖော်ပြသည်။

အီရန်ဘက်က ခွင့်ပြုမထားသည့် လမ်းကြောင်းမှ ဖြတ်သန်းမောင်းနှင်လာသည့် ရေနံတင်သင်္ဘော နှစ်စင်း ရေမြှုပ်မိုင်းထိမှန်ကာ ပြင်းထန်စွာ ပေါက်ကွဲမီးလောင်ခဲ့ရာမှ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

သို့သော် သင်္ဘောအမည်နှင့် မည်သည့်နိုင်ငံပိုင် ဖြစ်သည်ကိုမူ အီရန်ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသကဲ့သို့ ယင်းသတင်းကို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်း အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ချိန်မှစ၍ အီရန်သည် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောအသွားအလာများကို တင်းကျပ်စွာ ကန့်သတ်ထားပြီး ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသည့် သင်္ဘောများကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။

တစ်ဖက်တွင်လည်း အမေရိကန်စစ်တပ်က အီရန်ဆိပ်ကမ်းများကို ရေကြောင်းပိတ်ဆို့ထားပြီး ကမ္ဘာ့ရေနံစုစုပေါင်း၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ယင်းရေလက်ကြားရှိ ပင်မလမ်းကြောင်းများတွင် ရေမြှုပ်မိုင်းများ ရှင်းလင်းပြီးဖြစ်ကြောင်း မကြာသေးမီက ပြောဆိုထားသည်။

ယင်းအခြေအနေတွင် ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရကြောင်း အိန္ဒိယရေကြောင်းအာဏာပိုင်များထံမှ သတင်းရရှိထားသော်လည်း အီရန်ထုတ်ပြန်သည့် ဖြစ်စဉ်နှင့် တစ်ခုတည်း ဟုတ်၊ မဟုတ် မသေချာသေးကြောင်း ဗြိတိန်ရေကြောင်းကုန်သွယ်မှု စောင့်ကြည့်ရေးစင်တာ (UKMTO) က ဆိုသည်။

လက်ရှိတွင် သင်္ဘောသားအားလုံး ဘေးကင်းလုံခြုံမှု ရှိကြောင်း ဗြိတိန်ဘက်က ထုတ်ပြန်ထားသည်။