‘လူသတ်စက်ရုပ်’ များကို ဥပဒေဖြင့် ထိန်းချုပ်ရန် ကုလသမဂ္ဂတွင် ဆွေးနွေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။
လူသားများ ထိန်းချုပ်ရန်မလိုဘဲ ပစ်မှတ်ကို ကိုယ်တိုင်ရွေးချယ် သတ်ဖြတ်နိုင်သည့် ဉာဏ်ရည်တု (AI) သုံး အလိုအလျောက် လက်နက်စနစ်များ—တစ်နည်းအားဖြင့် ‘လူသတ်စက်ရုပ်’ လက်နက်များကို ဥပဒေစည်းမျဉ်းများဖြင့် ထိန်းချုပ်နိုင်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ ညီလာခံတွင် ဆွေးနွေးညှိနှိုင်းလျက် ရှိသည်။
ငါးနှစ်လျှင် တစ်ကြိမ်သာ ကျင်းပသည့် အဆိုပါညီလာခံသည် နည်းပညာများ ထိန်းချုပ်မရသည့် အခြေအနေသို့ မရောက်မီ စည်းမျဉ်းသတ်မှတ်နိုင်ရန် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း လက်နက်ထိန်းချုပ်ရေး ထောက်ခံသူများက ပြောကြားသည်။
လက်ရှိ ယူကရိန်းနှင့် ဂါဇာစစ်ပွဲများတွင် AI အကူအညီရယူထားသည့် ဒရုန်းများကို အသုံးပြုနေသော်လည်း လူသားများက အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နေရဆဲ ဖြစ်သည်။
သို့သော် လပိုင်းအတွင်း လူမပါဘဲ ကိုယ်တိုင်ဆုံးဖြတ် သတ်ဖြတ်နိုင်သည့် လက်နက်များ ပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
ယင်းအခြေအနေကြောင့် လူ့အသက်ကို သတ်ဖြတ်မည့် ဆုံးဖြတ်ချက်သည် လူသားများလက်ထဲတွင်သာ ရှိနေရမည်ဟုဆိုကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) နှင့် ပုပ်ရဟန်းမင်းကြီးတို့က ဥပဒေအရ စည်းနှောင်မှုရှိသည့် စည်းမျဉ်းများ ပြဋ္ဌာန်းရန် တောင်းဆိုထားသည်။
စစ်မြေပြင်တွင် ဒဏ်ရာရနေသူ သို့မဟုတ် လက်နက်ချ အညံ့ခံနေသူများကို ပစ်ခတ်ခြင်းမပြုရဟူသည့် ဂျီနီဗာသဘောတူညီချက်များကို စက်ရုပ်များက ခွဲခြားနားလည်နိုင်မည် မဟုတ်ကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က စိုးရိမ်လျက်ရှိသည်။
ထို့အပြင် ယင်းနည်းပညာများ ဈေးနှုန်းသက်သာပြီး အသုံးပြုရ လွယ်ကူလာသည်နှင့်အမျှ အကြမ်းဖက်အဖွဲ့များနှင့် ဖိနှိပ်သည့် အစိုးရများလက်ထဲ ရောက်ရှိသွားပါက အန္တရာယ် ပိုမိုကြီးမားလာနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြသည်။
ဂျီနီဗာဆွေးနွေးပွဲတွင် ပြင်သစ်၊ ဂျာမနီ၊ ဘရာဇီး အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က တင်းကျပ်သည့် ဥပဒေစည်းမျဉ်းများ ပြဋ္ဌာန်းရန် တောင်းဆိုနေသော်လည်း ယင်းလက်နက်များကို လက်တွေ့တီထွင်နေသည့် အမေရိကန်၊ ရုရှားနှင့် အစ္စရေးတို့က ကန့်ကွက်လျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုကမူ မဖြစ်မနေ လိုက်နာရန်မလိုသည့် လမ်းညွှန်ချက်အဆင့်သာ ရေးဆွဲရန် အဆိုပြုထားသည်။