ဟောမုဇ် ရေလက်ကြားကို အီရန်က ပြန်ပိတ်ထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်။
အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား နှစ်ပတ်ကြာ ယာယီအပစ်ရပ်စဲရန် သဘောတူညီမှု ရရှိထားသော်လည်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့သည်။
အစ္စရေးနိုင်ငံက လက်ဘနွန်နိုင်ငံအတွင်းသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းမှာ အပစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲကာ အခုလို ကြေညာခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ကမူ ယခုအပစ်ရပ်စဲရေး သဘောတူညီချက်သည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့အား တိုက်ခိုက်နေသည့် စစ်ဆင်ရေးများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း တရားဝင်တုံ့ပြန်ထားသည်။
အစ္စရေး၏ အကြီးမားဆုံးသော ပူးပေါင်းစစ်ဆင်ရေးနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တွင် အနည်းဆုံး လူပေါင်း ၁၈၀ ကျော် သေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သမ္မတထရမ့်က အီရန်နှင့် အပြည့်အဝ သဘောတူညီချက်မရမချင်း အမေရိကန်၏ စစ်သင်္ဘောများ၊ လေယာဉ်များနှင့် စစ်သည်အင်အားများကို အီရန်နိုင်ငံအနီးတဝိုက်တွင် ဆက်လက်တပ်စွဲထားမည်ဟု သတိပေးခဲ့ပြီး၊ အစီအစဉ်အတိုင်း ဖြစ်မလာပါက ပြင်းထန်သော စစ်ရေးအရေးယူမှုများ ချက်ချင်းစတင်မည်ဟု ဆိုသည်။
လက်ရှိ ပဋိပက္ခသည် ဆော်ဒီအာရေဗျနိုင်ငံရှိ အကြီးဆုံး Abqaiq ရေနံချက်စက်ရုံကိုပါ ရိုက်ခတ်ခဲ့ပြီး အီရန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ရာ ကမ္ဘာ့ရေနံဈေးကွက်အပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ယခုပြဿနာများကို ဖြေရှင်းရန် လာမယ့်စနေနေ့တွင် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့၌ အမေရိကန်ဒုသမ္မတ JD Vance ဦးဆောင်သောအဖွဲ့နှင့် အီရန်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။