ဥယျာဉ်ခြံသွားလမ်း၌ မိုင်းနင်းမိသော ရွာသား ခြေထောက်ဖြတ်တောက်ခံရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

တနင်္သာရီတိုင်း ထားဝယ်အရှေ့တောဒေသတွင် ခြံမှအပြန်လမ်း၌ မိုင်းနင်းမိသော ရွာသား ခြေထောက် ဒူးအောက်ပိုင်း ဖြတ်တောက်လိုက်ရသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

စစ်ရေးပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ထားဝယ်ခရိုင်၊ အရှေ့တောဒေသတွင် ဥယျာဉ်ခြံမှ အိမ်သို့ ပြန်လာသည့် အသက် ၄၀ အရွယ် ရွာသားတစ်ဦးသည် လူအများသွားလာနေသည့် လမ်းမပေါ်တွင် မြေမြှုပ်မိုင်း နင်းမိသဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်အား ဒူးအောက်ပိုင်းမှ ဖြတ်တောက်လိုက်ရခြင်း ဖြစ်သည်။ 

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက မိုင်းနင်းမိတဲ့ ခြေထောက်အား ဒူးအောက်ပိုင်းကနေ ဖြတ်ပစ်လိုက်ရ တာဗျဟု ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က တောင်သုံးလုံးကျေးရွာသား ကိုအောင်မင်းဦး (၄၀) နှစ် သည် ကျောက်မဲတောင်ကျေးရွာရှိ တရုတ်သင်္ချိုင်းအနောက်ဘက်၌ရှိသော ၎င်းပိုင် ဥယျာဉ်ခြံထဲမှ အိမ်ပြန်လာစဉ် လမ်းတွင် မိုင်းနင်းမိခြင်းဖြစ်သည်။ 

မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သူကို ထားဝယ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး လူ့အသက်ကို ကယ်တင်နိုင်ရန်အတွက် ခြေထောက်ဖြတ်တောက်မှု ပြုလုပ်ခဲ့ရသည်။ 

အဆိုပါ မိုင်းပေါက်ကွဲသည့်လမ်းမှာ ဥယျာဉ်ခြံသွားလာရာ အဓိကလမ်းကြောင်းဖြစ်ပြီး၊ ယာဉ်များပင် သွားလာနိုင်လောက်အောင် ကျယ်ဝန်းသည့်လမ်းဖြစ်သော်လည်း မိုင်းထောင်ထားခြင်း ခံခဲ့ရသည်။ 

ထိုလမ်းကို တောခုတ်သမားများပင် ပုံမှန် အသုံးပြုနေသည့်အတွက် အန္တရာယ်ကင်းသည်ဟု ယူဆခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

မိုင်းပေါက်ကွဲခဲ့သည့် လမ်းအနေအထားနှင့်ပတ်သက်၍ အခြား ရွာသားတစ်ဦးက မိုင်းနင်းမိတဲ့ ခြံအနီးတစ်ဝိုက် မှာ တောခုတ်သမားတွေ တောခုတ်နေကြတော့ ဘာမှမဖြစ်ကြမယ် မထင်ဘူးပေါ့၊ အိမ်ပြန်လာတဲ့ လမ်းမှာ ဖြစ် သွားတာ၊ ပေါက်ကွဲတဲ့လမ်းက အကျယ်ကြီးပါ ကားတစ်စီး အေးအေးဆေးဆေး မောင်းဝင်သွားလာလို့ရတယ်ဟု  ပြောသည်။

ထားဝယ်အရှေ့တောဒေသသည် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် နယ်မြေတစ်ခုဖြစ်ပြီး၊ လူအများ ဖြတ်သန်းသွားလာသည့် လမ်းများ၊ လယ်တောများနှင့် ကျေးရွာများအနီးဝန်းကျင်တွင် စစ်ကော်မရှင်တပ်နှင့် အခြား လက်နက်ကိုင် အဖွဲ့အစည်းများက မြေမြှုပ်မိုင်းများ ထောင်ထားသဖြင့် ဒေသခံရွာသားများမှာ မကြာခဏ ထိခိုက်သေဆုံးမှုများ ကြုံတွေ့နေရပြီး ဥယျာဉ်ခြံသွားလမ်းများသည်ပင် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရ ကြောင်း ရွာသားများက ဆိုသည်။