ချောက် – ညောင်ဦးကားလမ်းပေါ်မှ ကျေးရွာ ၂ ရွာ မီးရှို့ဖျက်ဆီးခံရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ  ၁၂ ရက်။

ချောင်းတစ် ချောင်းသာခြားသည့် ချောက် – ညောင်ဦး ကားလမ်းပေါ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကြောင်းထိုး လာ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နေအိမ်များကို မီးရှို့သွားသည်ဟု ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ ချောက် – ညောင်ဦး ကားလမ်းဘေးမှ မီးလောင်ဖျားတောင်နှင့် မီးလောင်ဖျား မြောက်ကျေးရွာတို့ကို ဇူလိုင်လ ၁၂ ရက်‌နေ့၊ နံနက် ၉ နာရီခန့်မှ စတင်ကာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်သည်။

အဆိုပါကျေးရွာ နှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းမှာ စဉ့်ကူကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၁၀၀ ကျော်ခန့် စစ်ကြောင်းမှ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

အသက် ၅၀ ကျော်ခန့် မီးလောင်ဖျားတောင်ရွာသား တစ်ဦးက စဉ့်ကူက ထွက်လာတဲ့ စစ်ကြောင်း ပြည်တော် သာရွာကို ရောက်ပြီလို့ သတင်းကြားတော့ ကိုင်းထဲကို ပြေးကြရတာပေါ့။ မီးတောက်တွေ တွေ့မှပဲ ရွာကို မီးရှို့ပြီဆိုတာ သိရတာ ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မီးလောင်ဖျားတောင်ကျေးရွာကို မီးရှို့ပြီးနောက် မီးလောင်ဖျား‌မြောက်ကျေးရွာ ကို ဆက်ပြီး မီးရှို့ခြင်းဖြစ် ကြောင်း၊ ထို့နောက် နေအိမ်များ အတွင်းရှိ ပစ္စည်းများကို ရှာဖွေကာ တန်ဖိုးရှိ ပစ္စည်း များကို ယူဆောင်သွားကြသည်ဟု ဆိုသည်။

ထို့အပြင် ကျေးရွာအတွင်း သေနတ်ဖြင့်လည်း ရမ်းသန်း ပစ်ခတ်သွားကြောင်း မီးလောင်ဖျားမြောက်ရွာသား အချို့က ပြောသည်။

တောင်ရွာထက် မြောက်ရွာက ပိုပြီး အိမ်ခြေ ဆုံးရှုံးမှုများ မယ်လို့ထင်တာပဲ။ မီးတောက်ကို ကြည့်ပြီး ခန့်မှန်း ရတာလေ။ ရွာနားကို မကပ်ရဲကြသေးဘူး ဟု မီးလောင်ဖျားမြောက် ရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် ပျူစောထီးရွာဖြစ်သည့် ဂန့်ဂါကျေးရွာဘက်မှလည်း အင်အား ၇၀ ကျော်ခန့်ပါသည့် စစ်ကြောင်းမှာ မီးလောင်ဖျားတောင်/မြောက် ကျေးရွာဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာနေကြောင်း၊ အနီးရှိ ရွာသာ ကျေးရွာထဲကိုလည်း သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာသည်ဟု ဆိုသည်။ 

ရွာသာကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ရွာသားများ၏ နေအိမ်များကို မွှေနှောက်ရှာဖွေပြီး အဖိုးတန် ပစ္စည်းများကို ယူသွားကြသည်ဟု ဆိုသည်။

ရွာသားတစ်ဦးက အခုက စဉ့်ကူ ရဲစခန်းက ထွက်လာတဲ့ စစ်ကြောင်းရယ်၊ ဂန့်ဂါစစ်ကြောင်းရယ် နှစ်ဖက်ညှပ် ပြီး စစ်ကြောင်းထိုးတာ။ မြေသန့်တောင်နဲ့ မအူပင် ရွာကြားမှာ တလောက တော်လှန်ရေး အဖွဲ့တွေရဲ့ မိုင်းစာ မိ လို့ ပျက်နေတဲ့ သံချပ်ကာ ကားရှိတယ်။ အဲဒီမှာ တဲထိုးပြီး စစ်သားတွေ စောင့်နေကြတာ။ ပြန်မသယ်နိုင် မချင်း တော့ စစ်ကြောင်းတွေ ထိုးနေဦးမယ်ထင်တယ်ဟု ပြောသည်။

အဆိုပါ စစ်ကြောင်းများကြောင့် ညောင်ဦး – ချောက် ကားလမ်းဘေးရှိ ကျေးရွာများ ဖြစ်သော ရွာသာ၊ ညောင် လှ၊ မအူပင်၊ မြေသန့်တောင်၊ ဇက၊ ကြအို၊ ကြအိုကျွန်း၊ ရွာသစ်၊ မီးလောင်ဖျားတောင်/မြောက် ကျေးရွာနှင့် ပြည် တော်သာကျေးရွာတို့မှ ပြည်သူ များမှာ မိုးရေထဲတွင် စစ်ဘေး တိမ်းရှောင်နေကြရသည် ဟု ဒေသခံများက ပြောသည်။