စစ်ကော်မရှင်တပ်က နေအိမ် ၃၀ ကျော်ကို မီးရှို့ ဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။ 

မန္တလေးတိုင်း ညောင်ဦး မြို့နယ်အတွင်းရှိ ကျေးရွာ တရွာကို စစ်ကော်မရှင် စစ်ကြောင်းက ဝင်ရောက် မီးရှို့ရာ နေအိမ် ၃၀ ကျော် မီးလောင် ပြာကျ သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ညောင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက ကျေးရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရက်အတွင်း ကျောက်ပြင်ကန်ကျေးရွာရှိ နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်၊ နေ့လယ် ၃ နာရီခွဲအချိန်ခန့်တွင် အင်အား ၇၀ ခန့်ပါဝင်သည့် စစ်ကော်မရှင် စစ်ကြောင်း သည် ကျောက်ပြင်ကန်ကျေးရွာ အနောက်မြောက်ပိုင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ နေအိမ် ၃၂ အိမ်ခန့် မီးလောင်ဆုံးရှုံးခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၀ ခန့်ရှိ ကျောက်ပြင်ကန်ရွာသားတစ်ဦးက စစ်ကြောင်းထိုးလာတာ ကြိုသိလို့ တစ်ရွာလုံး ညထဲကရှောင်နေကြတာ။ မနက် ၇ နာရီကျော်လောက်မှာ ရွာကိုရောက်ပြီး စတည်းချမွှေနေတာ။ ၃ နာရီခွဲလောက်မှာ မီးခိုးလုံးတွေတက်လာတော့ မီးရှို့ပြီဆိုတာသိတာ။ ပြန်ထွက်သွားပြီဆိုမှ လူငယ်တွေစုပြီး မီးသတ်ကြရတာ ဟု ပြောသည်။

အဆိုပါ စစ်ကော်မရှင် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၇ ရက်နေ့က ညောင်ဦး – ကျောက်ပန်းတောင်း ကားလမ်း၊ ရွှေလှိုင်းကျေးရွာမှ တစ်ဆင့် ရွှေစာရံဘုရားသို့ ကား ၃ စီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ 

ထိုမှတစ်ဆင့် ခြေလျင်စစ်ကြောင်းထိုးကာ ဇီးစမြင်ကျေးရွာတွင် ညအိပ်စခန်းချပြီးနောက်၊ နောက်တစ်နေ့နံနက် ၇ နာရီခွဲတွင် ကျောက်ပြင်ကန်ကျေးရွာသို့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၎င်းတို့သည် ကျေးရွာအတွင်း ချက်ပြုတ်စားသောက်ပြီး နေအိမ်များကို စိတ်ကြိုက်မွှေနှောက် ရှာဖွေမှုများ ပြုလုပ်ကာ စစ်ကြောင်းပြန်အထွက်တွင်မှ နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

စစ်ကြောင်း ပြန်ထွက်သွားသော်လည်း ဒေသခံများမှာ ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် စိုးရိမ်နေကြဆဲ ဖြစ်သည်။

ကျောက်ပြင်ကန်ရွာသားတစ်ဦးက စစ်ကြောင်းမရှိတော့ပေမယ့် ရွာထဲကိုမဝင်ကြသေးဘူး။ တောထဲမှာပဲ နေကြတုန်းပဲ။ မီးလောင်ထားတဲ့အနံ့တွေက မခံနိုင်ဘူး။ ကြောက်တာလဲပါတာပေါ့။ ငြိမ်အောင်စောင့်ပြီး နေကြရတာ ဟု ၎င်းတို့၏ လက်ရှိအခက်အခဲကို ပြောပြသည်။

စစ်ကော်မရှင် စစ်ကြောင်းသည် ကျောက်ပြင်ကန်ကျေးရွာမှ တစ်ဆင့် ဂျိုးကန်ကျေးရွာကိုဖြတ်၍ ကန်နီပေါက်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြသည်ဟု ဆိုသည်။ 

ထို့ပြင် ဇန်နဝါရီလ ၂၇ ရက်နေ့၊ နံနက်ပိုင်းကလည်း အဆိုပါစစ်ကြောင်းသည် ကျောက်ပြင်ကန်ကျေးရွာ အရှေ့တောင်ဘက်ရှိ မုန်တိုင်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ် ၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသေး သည်။

လက်ရှိတွင် ညောင်ဦးမြို့နယ်အတွင်း စစ်ကော်မရှင် စစ်ကြောင်းများ၏ ဆက်တိုက်စစ်ကြောင်းထိုး မီးရှို့မှုများ ကြောင့် ကျေးရွာ အများအပြားမှ ဒေသခံထောင်နှင့်ချီကာ ဘေးလွတ်ရာ တောတောင်များအတွင်း တိမ်းရှောင်နေ ကြရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။