တိုက်ပွဲဖြစ်နေသည့် ကသာမြို့တွင် ကျောင်းသားများအား ကျောင်းတက်ခိုင်းသဖြင့် အန္တရာယ် စိုးရိမ်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။ 

စစ်ကိုင်းတိုင်း ကသာမြို့တွင် တိုက်ပွဲဧရိယာနှင့် ၂ မိုင်အကွာ၌ရှိသော ကျောင်းတွင် စစ်ကော်မရှင်က ကျောင်းပြန်ဖွင့်ခဲ့ရာ ကျောင်းသားများ၏ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော်လည်း စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားရာ တည်နေရာနှင့် ၂ မိုင်အကွာ၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်အန္တရာယ်ကို ကာကွယ်ရေးတပ်ဖွဲ့များက စိုးရိမ်နေကြသည်။

ကျောင်းပြန်ဖွင့်ချိန်တွင် မြို့ထဲ၌ ကျန်ရစ်သူများသာ တက်ရောက်ခဲ့ကြသော်လည်း ယခုရက်ပိုင်းတွင် စစ်ဘေး ရှောင် အချို့ပါ နေရပ်ပြန်၍ ကျောင်းတက်နေကြသည့်အပေါ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယခုကဲ့သို့ ပြော သည်။

တချို့စစ်ရှောင်ထွက်လာပြီးမှ စစ်ရှောင်စခန်းမှလက်ခံထားပြီးမှ သူတို့ကလေးတွေကျောင်းထားချင်လို့ဆိုပြီး ကသာမြို့ထဲကို ပြန်ဝင်သွားတဲ့ကိစ္စပေါ့ဗျာ။ ပြန်ဝင်သွားတာတော့မများပါဘူး။ ဒါပေမဲ့ ဒီကလေးတွေရဲ့ အန္တရာယ်ပေါ့နော်။ စစ်ပွဲဖြစ်နေတဲ့ အနီးဆုံးဧရိယာထဲမှာ ကလေးတွေဘယ်လောက်အန္တရာယ်များသလဲ။ စစ်ကောင်စီက ဒါလူသားဒိုင်းအဖြစ် အသုံးချနေတာကို သူတို့ တကယ်ဘဲမသိလို့လားပေါ့။

ကသာမြို့သိမ်းတိုက်ပွဲ စတင်သည့်နေ့မှ စ၍ မြို့ပေါ်ရှိ ကျောင်းများအားလုံး ပိတ်ထားခဲ့ရပြီး မြို့ခံအများစုမှာ လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသော်လည်း၊ စစ်ကော်မရှင်က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်ကာ အထက (၃) ကျောင်းတွင် ကျောင်းများစုပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ၃၀၀ ဝန်းကျင် တက်ရောက်နေကြသည်။

ကသာမြို့ရှိ အထက (၂) ကျောင်းမှာ တိုက်ပွဲ စတင်စဉ်ကပင် နှစ်ဖက်ပစ်ခတ်မှုများအကြား မီးလောင်ပျက်စီးခဲ့ ရပြီး၊ အထက (၁) ကျောင်းမှာမူ ရဲစခန်းနှင့်နီးကပ်သဖြင့် ကျောင်းဖွင့်ရန် မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေ သည်။

တစ်ဖက်တွင်လည်း ကသာမြို့ပေါ်၌ အရပ်သားသေဆုံးမှုများ ရှိနေပြီး ရုပ်အလောင်းများမှာ လမ်းပေါ်တွင် ပုပ်ပွ ကာ အလောင်းကောက်သူမရှိသည့် အခြေအနေအထိ ဆိုးရွားနေသည်။ 

အရပ်သားထိခိုက်မှုစာရင်းကို ကောက်ယူရန်ပင် ခက်ခဲနေသည့် အခြေအနေနှင့် ပတ်သက်၍ အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောဆိုသည်။

အရပ်သား ထိခိုက်မှုအခြေနေတွေက ပြောဖို့ခက်ပါတယ်။ တချို့လူသူမသိဘဲ ပျောက်ဆုံးပြီးတော့မှ နောက်မှ အလောင်း ပြန်တွေ့တာတွေမျိုးတွေလည်း ရှိတာပေါ့။ ရမ်းသမ်းပစ်ခတ်မှုနဲ့ ထိခိုက်တာတွေကတော့ အရပ်သား တွေ မှန်းသိရက်နဲ့ ဘာလို့ တမင်ရည်ရွယ်ပြီးပစ်လည်းတော့မပြောတတ်ဘူးပေါ့ဗျာ ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများမှာ စတင်ချိန်ကလောက် မပြင်းထန်တော့သော်လည်း နှစ်ဖက်စစ်ရေး ဆက်လက် တင်း မာနေဆဲဖြစ်ပြီး စစ်ကော်မရှင်ဘက်က မြို့လက်မလွှတ်ရရေးအတွက် လက်နက်ကြီးများအပြင် လေကြောင်း တိုက်ခိုက်မှုများကိုပါ အသုံးပြု၍ ခုခံနေသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအခြေအနေများကြောင့် လာမည့် အတန်းတင်စာမေးပွဲနှင့် မတ်လ ၁၁ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများမှာ အခက်အခဲများစွာနှင့် ရင်ဆိုင် နေရကာ ၎င်းတို့၏ ပညာရေးနှင့် အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။