မင်္ဂလာဆောင်အိမ်အား ဒရုန်းဗုံးကြဲချ၊ လူငယ်တစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးတွင် မင်္ဂလာဆောင်ကျင်းပနေသည့် နေအိမ်အား စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ လူငယ်တစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

ညောင်ဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ခြင်းကြောင့် မင်္ဂလာပွဲ၌ အလုပ်လုပ်ကိုင်နေသည့် လူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက် ၇ နာရီခွဲခန့်တွင် ပုဂံမြို့၏ အရှေ့တောင်ဘက်ရှိ ချောင်းရှည်ကျေးရွာ တွင် မင်္ဂလာဆောင်ကျင်းပနေစဉ် နေအိမ်ပေါ်သို့ အရှေ့မြောက်အရပ်မှ ပျံသန်းလာသည့် စစ်ကော်မရှင်တပ်က ဒရုန်း ဗုံးတစ်လုံး ကြဲချခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် မင်္ဂလာဆောင်တွင် ဆောင်းဘောက် (Sound System) လိုက်ဖွင့်ပေးနေသည့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း ပျက်စီးသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၀ ကျော်အရွယ် ချောင်းရှည်ရွာသားတစ်ဦးက မင်္ဂလာဆောင်တွေမှာ sound box လိုက်အငှားဖွင့်တဲ့ ကောင်လေးကတော့ ဒဏ်ရာအတော်လေး များတယ်လို့ ကြားတယ်။ အိမ်ပေါ်တည့် တည့် ကျတာဆိုတော့ အိမ်ကတော့ ပျက်စီးတယ်။ အခုကတော့ အဲ့ဒီကောင်လေး ဆေးရုံမှာပါ ဟု ပြောသည်။

ချောင်းရှည်ကျေးရွာကို ဗုံးချခဲ့သည့် အဆိုပါ ဒရုန်းသည်ပင် မိနစ်ပိုင်းအကြာတွင် အရှေ့တောင်ဘက်ရှိ ချောင်းဝ ကျေးရွာဘက်သို့ ဆက်လက် ပျံသန်းသွားပြီး ဘောလုံးကွင်းအတွင်း ထပ်မံဗုံးကြဲခဲ့သော်လည်း လူနှင့် အဆောက် အအုံ ထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ညောင်ဦးနယ်အတွင်း ယခုကဲ့သို့ ကျေးရွာများအား ပစ်မှတ်ထား တိုက်ခိုက်နေမှုသည် ပြီးခဲ့သည့်ရက်ပိုင်း အတွင်း က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ဆက်စပ်နိုင်ကြောင်း ယူဆရသည်ဟု ဒေသခံများက ဆိုသည်။ 

ဇန်နဝါရီလ ၁၈ ရက်နေ့က ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ထနောင်းဝန်းကျေးရွာအနီးနှင့် ရှော်ပင်ကျေးရွာဘူတာ အရှေ့မြောက်ဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက “မိုင်းကွင်းထဲ ဝင် လာလို့ မိုင်းဆွဲတိုက်ခဲ့တာ ဂန့်ဂါက ပျူ ၃ ယောက်သေတာကတော့ သေချာတယ်။ လက်နက်တွေလည်း ရလိုက် တယ်။ ထုတ်ပြန်တာတော့ မရှိသေးဘူး ဟု ပြောသည်။

စစ်ကော်မရှင်တပ်သည် ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ ဇီးစားမြင် ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

လက်ရှိတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် နပ္ပလင်ကျေးရွာတွင် တပ်စွဲထားပြီး၊ ရွှေလှိုင်းဒေသတွင် မော်တော် ယာဉ်များနှင့် ခရီးသွား ပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် နယ်မြေ အတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။