ညောင်ဦး-ချောက် လမ်းဘေးရှိ ကျေးရွာများ မီးရှို့ခံရပြီး အရပ်သား ထောင်ချီ စစ်ဘေးရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ညောင်ဦးမြို့နှင့် မြို့နယ်အစပ် စဉ့်ကူရွာကြားရှိ ကျေးရွာများကို စစ်တပ်က ရွာစဉ်လှည့်ကာ စစ်ကြောင်းထိုး မီးရှို့နေသဖြင့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ထောင်ချီ၍ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အဆုံးရှိ စဉ့်ကူရွာမှ စတင်ကာ ချောက်-ညောင်ဦး ကားလမ်းဘေး ဘယ်၊ ညာရှိ ကျေးရွာများကို စစ်အုပ်စုတပ်က နေ့စဉ် စစ်ကြောင်းထိုး၍ နေအိမ်များ မီးရှို့ခြင်း၊ ပစ္စည်းများ လုယက်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခြင်းတို့ ပြုလုပ်နေခြင်းဖြစ်သည်။
မီးလောင်ဖျားမြောက်ရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက “နေ့စဉ် စစ်ကြောင်းထိုးနေတာ တစ်ပတ်ကျော်သွားပြီ။ နေအိမ်တွေ မီးရှို့၊ သေနတ်နဲ့ပစ်၊ ဒရုန်းနဲ့ဗုံးကြဲ ရွာတိုင်းကို လုပ်နေတာ။ ဗုံးမှန်ပြီး သေကြတယ်၊ တချို့ အဖမ်းခံကြရတယ်။ ပစ္စည်းဆိုတာကတော့ အဝတ်အထည်ကောင်းရင်တောင် ယူသွား ကြတာ” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က မီးလောင်ဖျားမြောက်ရွာကို စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးချခဲ့သဖြင့် သားအမိ ၃ ဦး အပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျောက်ပြင်ကန်ကျေးရွာကို မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ သည်။
အဆိုပါ စစ်အုပ်စုတပ်သည် ယာတောကြီးကျေးရွာမှ စစ်ရှောင်လာသည့် အမျိုးသမီး ၆ ဦးနှင့် တွေ့ဆုံစဉ် ၎င်းတို့ပါလာသည့် ဖုန်း ၆ လုံးနှင့် အစားအသောက်များကို လုယူသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မီးလောင်ဖျားမြောက်ရွာမှ အမျိုးသမီးတစ်ဦးကလည်း “အိမ်တွေကို မီးမရှို့ခင် စိတ်ကြိုက်ပစ္စည်းတွေကို ကားပေါ်တင်ယူသွားတာ။ လိုချင်တာ မရှိတော့ဘူးဆိုမှ မီးရှို့ခဲ့ကြတာ။ နေစရာ၊ ဝတ်စရာ၊ စားစရာ ဘာမှ မရှိတော့ဘူး” ဟု ပြောသည်။
စဉ့်ကူ၊ ပြည်တော်သာ၊ မီးလောင်ဖျားတောင်ရွာ၊ မီးလောင်ဖျားမြောက်ရွာ၊ ရွာသစ်၊ ကြအိုကျွန်း၊ ကြအို၊ မြေသန့်တောင်၊ ဇက၊ မအူပင်နှင့် ပျော်ဘွယ် စသည့် ချောက်-ညောင်ဦး ကားလမ်းဘေးရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံများသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။
အလားတူ ပုဂံမြို့ အရှေ့တောင်ဘက်၊ ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းကြားရှိ ယာတောကြီး၊ ပျဉ်းချောင်း၊ သဖျင်းကန်၊ မကျီးတိုင်း၊ ကျောက်ကန်၊ ကန်နီပေါက်၊ ရွာလေး၊ ချောင်းဝ၊ အနောက်အုံ၊ ဇီးစမြင်၊ ကျောက်ပြင်ကန်နှင့် မြောင် စသည့် ကျေးရွာ ၁၂ ရွာမှ ပြည်သူများသည် ချောက်ကြိုချောက်ကြားများသို့ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။
စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ စစ်အုပ်စုတပ်သည် အင်အား ၂၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲကာ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ညက မီးလောင်ဖျား၊ ကြအိုနှင့် ကြအို ကျွန်းကျေးရွာတို့တွင် စခန်းချ၍ သေနတ်များ ပစ်ဖောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စဉ့်ကူမြို့နယ်နှင့် ညောင်ဦးမြို့နယ်အတွင်းရှိ စစ်ကြောင်းထိုးခံနေရသော ဒေသသည် နိုင်ငံတကာအဆင့် မဟာဗျူဟာမြောက် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စွမ်းအင်စီမံကိန်းကြီး ဖြတ်သန်း ဖောက်လုပ်ထားသည့် ဒေသလည်းဖြစ်သည်။
ဓာတ်ပုံ – (စစ်အုပ်စုတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာတစ်ရွာမှ မြင်ကွင်း။ / Crd)