ညောင်ဦး ဗုံးကြဲမှု ကလေးအပါအဝင် အရပ်သား ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။
တိုက်ပွဲမဖြစ်ဘဲ ညောင်ဦးတွင် လေယာဥ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးအပါအဝင် အရပ်သား နှစ်ဦး ထိမှန်သေဆုံးခဲ့သည်။
ညောင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင် လက်အောက်ခံ လေတပ်မှ လေယာဉ် ၃ စီးနှင့် လာရောက်ပြီး ကျေးရွာအတွင်း ဗုံးကြဲသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုထဲတွင် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သည်ဟု Black Eagle PDF-Bagan အဖွဲ့က ပြောသည်။
အသက် ၅၀ ကျော် ကျောက်ပြင်ကန်ရွာသား တစ်ဦးက “မထင်ထားဘူးလေ တိုက်ပွဲက ဖြစ်တာ မဟုတ်ဘူး။ ရှေ့နောက် ၃ စီးလာတာ အလယ်က လေယာဉ်က ဗုံးချသွာတာ နိမ့်နိမ့်လေး မဟုတ်ဘူး။ အမြင့်ကြီးကနေချတာ အဲဒီကျမှပဲ ပြေးကြရတာပေါ့။ ဒါမျိုး ဒီတစ်ခါပဲကြုံဖူးတာလေ” ဟု ပြောသည်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ကျောက်ပြင်ကန်ကျေးရွာကို ဩဂုတ်လ ၂၃ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က အရှေ့ဘက်မှ ပျံသန်းလာသည့် လေယာဉ် ၃ စီးမှ ဗုံး ၂ လုံး ကြဲချသွားခြင်း ဖြစ်သည်ဟု ကျောက်ပြင်ကန်ကျေးရွာ ဒေသခံအချို့က ပြောသည်။
ဗုံး ၂ လုံးမှာ ရွာတောင်ဘက် ဘုရားကုန်းတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ရွာသားတစ်ဦး နှင့် အသက် ၈ နှစ်ခန့် အရွယ် ၃ တန်းကျောင်းသား တစ်ဦး သေဆုံးခဲ့ကာ ရွာသားသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အခြားရွာသားတစ်ဦး “ပေါက်ကွဲအားက တော်တော်ကို ပြင်းတာ။ ရွာအနောက်တောင်ဘက် အထိ ဗုံးအစတွေ ရောက်တယ်။ ဘုရားတန်ဆောင်းတော့ အုတ်နံရံတွေ ပြိုကျတာ ပေါ့” ဟု ဆိုသည်။
ထိမှန်ဒဏ်ရာ ရရှိထားသူများမှာ ဆေးကုသမှု ခံယူနေရသည့်အပြင် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုထဲ ဘုရားနှင့် ဘုရားတစောင်းနေရာ၊ အနီးဝန်းကျင်က နေအိမ် ၅ လုံး ထိမှန်ပျက်စီးသွားသည်ဟု ရွာသားများက ပြောသည်။
လာရောက် ဗုံးကြဲသည့် လေယာဉ် ၃ စီးသည် အရှေ့အရပ်မှ ပျံသန်းလာခြင်း ဖြစ်ပြီး ဗုံးကြဲပြီးနောက် အရှေ့ တောင် အရပ် မိတ္ထိလာ လေတပ်ဘက်သို့ ပျံသန်းသွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ဒေသခံများမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာသားအချို့သာ နွားစာကြွေးရန် အိမ်စောင့်ရန် ပြန်လာကြသည်ဟု ဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့ကလည်း ကြအိုကျေးရွာနှင့် ကျောက်ပြင်ကန်ကျေးရွာ အကြားရှိ ဒေသအခေါ် ကိုသိန်းဇံ ကုန်းတောင်ဘက်ရှိ အုတ်ကျင်းအနီးတွင် စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ကျော်ခန့်ရှိသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြသည်။
ဇူလိုင်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အတွင်းကလည်း ပုဂံ-ညောင်ဦး အရှေ့တောင်ဘက်ရှိ ကျေးရွာများကို စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက တစ်ပတ်ခန့် ရက်ဆက် စစ်ကြောင်းထိုးလာခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပွဲတိုင်း၊ ချောင်းရှည်၊ အနောက်အုံ၊ ဇီးစမြင်၊ ကျောက်ပြင်ကန်၊ မြောင်၊ မီးလောင်ဖျားတောင်နှင့် မီးလောင်ဖျားမြောက်ကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။