စစ်ကောင်စီတပ်က ပုဂံ/ညောင်ဦးတွင် ရွာ ၆ ရွာ မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။
ပုဂံ/ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ ဝင်များက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နေအိမ်များကို မီးရှို့သွားသည်ဟု ဒေသခံများက ပြောသည်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့အရှေ့တောင်ဘက်ရှိ ကျေးရွာများထဲမှ ချောင်းရှည်၊ ပွဲတိုင်း၊ အနောက်အုံ၊ ဇီးစမြင်၊ ကျောက်ပြင်ကန်နှင့် မြောင်ကျေးရွာတို့ကို စစ်ကြောင်း ထိုးဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဇီးစမြင်ရွာသား တစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာများကို ဇူလိုင်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ ခြင်း ဖြစ်သည်။
အနောက်အုံရွာသားတစ်ဦးက “တစ်နေရာထဲ မဟုတ်ဘူး ၃ နေရာလောက်ကို တစ်ပြိုင်တည်း ရှို့တာ။ ရွာသား တွေ မီးမငြိမ်းနိုင်အောင် ထိုင်စောင့်နေသေးတာ။ ကိုယ့်အိမ်ကိုယ့်ရွာ မီးလောင်နေတာကို ထိုင်ကြည့်နေရတဲ့ အဖြစ် ဗျာ။ ဘယ်လောက် ရင်နာစရာကောင်းတယ်ဆိုတာ စဉ်းစားသာကြည့်ပေါ့” ဟု ပြောသည်။
ဇူလိုင်လ ၈ ရက်နေ့တွင် ညောင်ဦး – ကျောက်ပန်းတောင်း ကားလမ်း ရွှေလှိုင်းဘက်မှ အင်အား ၈၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး နံနက် ၉ နာရီ အချိန်ခန့်တွင် ပွဲတိုင်းကျေးရွာကို စတင်မီးရှို့ပြီးနောက် ချောင်း ရှည်၊ အနောက်အုံနှင့် ဇီးစမြင်ကျေးရွာတို့ကို ဆက်လက် မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မီးရှို့ခံရသည့် အဆိုပါ ကျေးရွာများမှ ရွာသူ/ရွာသားများသည် ကျောက်ပြင်ကန်ကျေးရွာ ဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်အဖြစ် ရောက်ရှိလာကြပြီး လက်ရှိတွင် လူဦးရေ ၇၀၀ ခန့်ရှိသည်ဟု ကျောက်ပြင်ကန်ရွာသား တစ်ဦးက ပြောသည်။
ကျောက်ပြင်ကန်ရွာသား “စစ်ဘေးရှောင်တွေကို ရွာကစုပေါင်းပြီး ညစာကို ကုလားပဲနှပ် ငရုတ်သီးငပိကျော်နဲ့ ချဉ်ပေါင်ဟင်းချို ချက်ပြီး ကျွေးမွေးခဲ့တာပေါ့။ ဆန် ၄ အိတ်ကုန်တယ်။ ကူညီရိုင်းပင်းကြတာပေါ့ အညာဓလေ့ ပေါ့” ဟု ပြောသည်။
ဇူလိုင်လ ၉ ရက်နေ့တွင် ဇီးစမြင်ကျေးရွာတွင် ညအိပ်နားနေသည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကျောက်ပြင်ကန်ကျေးရွာသို့ ဆက်၍ စစ်ကြောင်းထိုးလာသဖြင့် ရွာသားများ ထွက်ပြေးခဲ့ကြရသည်။
ထိုနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကျောက်ပြင်ကန်ကျေးရွာအတွင်း နေရာ ၃ နေရာခွဲကာ နေအိမ်များကို မီးရှို့နေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ရွာသားများက ပြောသည်။
ဇီးစမြင်ရွာသား တစ်ဦးကလည်း “စစ်ဘေးရှောင်လာတဲ့ သူတွေကို ကူညီလို့စောင့်ရှောက်လို့များလား မသိပါ ဘူး။ မကူညီနိုင်အောင် လူတွေ ဒီ့ထက်ပိုပြီး အတိဒုက္ခရောက်အောင် ခိုကိုးရာမဲ့အောင်ဆိုတဲ့ စိတ်ဆိုး စိတ်ယုတ် တွေနဲ့ ကျောက်ပြင်ကန်ကိုပါ မီးရှို့တာထင်ပါရဲ့ဗျာ” ဟု ပြောသည်။
ထိုနေ့ မွန်းတည့်ချိန်ခန့်တွင် ကျောက်ပြင်ကန်ကျေးရွာ၏ တောင်ဖက်ရှိ မြောင်ကျေးရွာကို စစ်ကြောင်းထိုးကာ ရွာအနောက်ဖက်မှ ဝင်ရောက်ပြီး မီးရှို့သွားခဲ့သေးသည်ဟု ဆိုသည်။
ရွာသားများ ဝင်ရောက်၍ မီးငြိမ်းသတ်ခြင်း မလုပ်နိုင်အောင် မြောင်ကျေးရွာထဲတွင် စခန်းချ ချက်ပြုတ် စားသောက်ကာ အဖိုးတန် ပစ္စည်းများ ရှာဖွေယူသွားကြသည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မီးရှို့ခံရသဖြင့် ကျောက်ပြင်ကန်ကျေးရွာတွင် နေအိမ် ၂၂ လုံး၊ မြောင်ကျေးရွာတွင် နေအိမ် ၄၇ လုံး မီးလောင်ကျွမ်းခဲ့သည်ဟု သိရပြီး အခြားမီးရှို့ခံရသည့် ကျေးရွာ ၄ ရွာမှ ဆုံးရှုံးမှုများကိုမူ တိတိ ကျကျ မသိရသေးကြောင်း ကျောက်ပြင်ကန် ကျေးရွာသားများက ပြောသည်။