ညောင်ဦးမှ ဈေးသည်နှစ်ဦးကို စစ်ကော်မရှင် တပ်က ဖမ်းဆီးသွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။ 

သံဃာတော်များက လိုက်လံတောင်းပန်သော်လည်း ဖမ်းဆီးထားသည့် ညောင်ဦးမြို့နယ်ထဲက ဈေးသည် လူငယ်နှစ်ဦးကို စစ်ကော်မရှင်က လွှတ်မပေးဘဲ ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ကျေးရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ် က ဈေးသည်လူငယ်နှစ်ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။ 

အဆိုပါ စျေးသည် လူငယ်နှစ်ဦးကို ပြန်လွှတ်ပေးရန် သံဃာတော်များက မေတ္တာရပ်ခံတောင်းပန်ခဲ့သော်လည်း စစ်ကော်မရှင်ဘက်က လက်မခံဘဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်ကျေးရွာမှ ဒေသခံတစ်ဦးက အဖမ်းခံရတဲ့ ကောင်လေးနှစ်ယောက်ကို လွှတ် ပေးဖို့ လယ်ကန်နဲ့ မီးလောင်ဖျားရွာက ဘုန်းကြီး ၄ ပါးက လိုက်လာပြီး တောင်းပန်ပေမဲ့ လွှတ်မပေးခဲ့ဘူး။ ငွေမရလို့လဲဖြစ်မယ်၊ စစ်မှုထမ်းအဖြစ် ရောင်းစားဖို့လဲ ဖြစ်နိုင်တယ်။ စစ်မှုထမ်းဈေးက သိန်းရာကျော်တယ် ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့မှစတင်ကာ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ် ဖွဲ့သည် သပွတ်စုကျေးရွာတွင် ရွာစဉ်လှည့်ဈေးရောင်းသည့် လူငယ်တစ်ဦးနှင့် လယ်ကန်ကျေးရွာပြင်တွင် စစ်ကြောင်းရှောင်ရန် ထွက်ပြေးသည့် လူငယ်တစ်ဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါလူငယ်နှစ်ဦးမှာ မီးလောင်ဖျားနှင့် လယ်ကန်ကျေးရွာတို့မှ ဒေသခံများ ဖြစ်ကြသည်။

ဖမ်းဆီးခံရသူများကို ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လယ်ကန်ကျေးရွာနှင့် မီးလောင်ဖျားကျေးရွာတို့မှ သံဃာတော် ၄ ပါးက စစ်ကြောင်းနောက်သို့ လိုက်လံကာ မေတ္တာရပ်ခံခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ ရသည်။

စစ်ကော်မရှင် စစ်ကြောင်းသည် သပွတ်စု၊ ကပ်သခေါင်း၊ လျှော်ပင်အိုင့်နှင့် လယ်ကန်ကျေးရွာများကို ဝင်ရောက် မွှေနှောက်ကာ ဖုန်းနှင့် အဝတ်အစားများ လုယက်ယူငင်ခြင်း၊ ဒေသခံများ၏ ကြက်များကို ဖမ်းဆီးချက်စားခြင်း နှင့် နေအိမ်တစ်လုံးကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။

ကြက်တွေကိုတော့ စပါယ်ရှယ်ချက်စားသွားကြတာပေါ့။ ရွာကို မီးရှို့မသွားကြတာကိုပဲ မောင်မင်းကြီးသား တွေကို ကျေးဇူးတင်ရမလိုပါပဲ ဟု လျှော်ပင်အိုင့်ရွာခံတစ်ဦးက စစ်ကြောင်း၏ လုပ်ရပ်ကို ပြောပြသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ကျောက်ပြင်ကန်ကျေးရွာမှ တစ်ဆင့် ဂန့်ဂါကျေးရွာဘက်သို့ ဆက်လက် ထွက်ခွာသွားပြီဖြစ်ပြီး၊ လမ်းခရီးတစ်လျှောက်ရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ လိုချင်သည့် ပစ္စည်းများကို ယူဆောင်သွားကြကြောင်း ဆိုသည်။ 

ညောင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က ဇန်နဝါရီလကုန်ပိုင်းမှ စတင်၍ စစ်ကြောင်း ထိုးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေခြင်း ဖြစ်သည်။