ရွာအတွင်း အမြောက်များဖြင့် ပစ်ခတ်သဖြင့် ရဟန်းတပါး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။ 

ထားဝယ်ခရိုင်ရှိ ကျေးရွာတစ်ရွာ အတွင်းသို့ စစ်ကော်မရှင်တပ်က အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အတွင်း ကျရောက်ပေါက်ကွဲပြီး ရဟန်းတစ်ပါး ထိခိုက် ဒဏ်ရာ ရခဲ့သည်ဟု ဒေသခံများ က ပြောသည်။ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အရှေ့တောဒေသရှိ ဟိန္ဒားကျေးရွာတောင်ထိပ်ရှိ စစ်ကော်မရှင် တပ်စခန်းနေရာဟောင်းတွင် တပ်စွဲထားသည့် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များကို စစ်ကော်မရှင်စစ်ကြောင်းက ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၅ နာရီခန့်က ဝင်ရောက် ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၉ နာရီခန့်တွင် စစ်ကော်မရှင်၏ စကခ (၈) ဌာနချုပ်မှနေ၍ တိုက်ပွဲဖြစ်ရာ ဟိန္ဒားကျေးရွာဘက်သို့ ဟောင်ဝစ်ဇာ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်။ 

လက်နက်ကြီးကျည်တစ်လုံးမှာ ဟိန္ဒားရွာဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆွမ်းစား ကျောင်းဆောင် ပျက်စီးခဲ့ရုံမျှမက ရဟန်းတော်တစ်ပါးလည်း ဦးခေါင်းတွင် ရှပ်ထိဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ လူနာကို ကူညီပို့ဆောင်ပေးခဲ့သူ အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက ဝုန်း ဆိုပြီးအသံကြားပြီးတာနဲ့ ဘုန်းကြီးကျောင်းထဲမှာ မီးခိုးလုံးကြီး အူထွက်လာတာကို မြင်ရတယ်။ ပြီးတော့ ဘုန်းကြီးတစ်ပါး ခေါင်းမှာထိသွားလို့ ထားဝယ်ဆေးရုံကို လိုက်ပို့ပေးခဲ့ရသေးတယ် ဟု ပြောသည်။

စစ်ကော်မရှင်တပ်သည် လက်နက်ကြီးဖြင့် သာမက နံနက် ၁၀ နာရီခန့်တွင် ဂျက်တိုက်လေယာဉ် တစ်စင်းဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သလို စက်သေနတ်များဖြင့်ပါ လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အရှေ့တောဒေသတွင် စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့က လည်း ကျောက်မဲတောင်စခန်းတွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် အဆိုပါဒေသအတွင်းသို့ စစ်ကော်မရှင်တပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။ 

ဇန်နဝါရီလအတွင်းကလည်း သင်္ကန်းတုံးကျေးရွာနှင့် ရေဝိုင်းကျေးရွာရှိ PDF စခန်းငယ်များကို စစ်ကော်မရှင် တပ်က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ရွာသားများက ပြောသည်။