ထားဝယ်ခရိုင်အတွင်း နေအိမ်ပေါ် လက်နက်ကြီးကျရောက်၍ အမျိုးသမီးတစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
ရေဘေးဒဏ် အပြင်းအထန် ခံထားရသည့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးကျေးရွာတွင် စစ်အုပ်စုတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
လွန်ခဲ့သည့် အောက်တိုဘာလ ၅ ရက် မွန်းလွဲ ၃ နာရီခန့်က ပြင်းဖြူကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စု တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က လာရောက်ချောင်းမြောင်း ပစ်ခတ်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာ စဉ် စစ်အုပ်စုတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ဆုတ်ခွာရာ လမ်းကြောင်းအနီးရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး အိမ်အတွင်း ရှိနေသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ရ သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၄၀ အရွယ် ဒေသခံ ရွာသားတစ်ဦးက “သေနတ်သံ အတွဲလိုက် ကြားရတယ်။ စစ်တပ်ကို လာချောင်းပစ်တာလို့ ပြောသံကြားရတယ်။ ထိခိုက်တဲ့အသံတော့ မကြားရပါဘူး။ ခဏအကြာမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်သံ ကြားရတာပဲ။ အဲဒီမှာ အမျိုးသမီးတစ်ယောက် လက်နက်ကြီးအစ ထိ သွားတာ” ဟု ပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်အုပ်စုတပ်ဖွဲ့ဝင်များက မြိတ်-ထားဝယ် သွား လမ်းမကြီးပေါ်တွင် လမ်းသွား လမ်းလာ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များကို တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ကျေးရွာအနီး တောအတွင်း စစ်ဘေးတိမ်းရှောင်နေသည့် တဲများကိုပါ လိုက်လံရှာဖွေ စစ်ဆေးခဲ့သည်ဟု ဒေသခံက ပြောသည်။
သရက်ချောင်းမြို့နယ်သည် စက်တင်ဘာလနှောင်းပိုင်းမှစ၍ ၂၄ နာရီအတွင်း မိုးရေချိန် ၁၃ လက်မကျော်အထိ စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ထားဝယ်တစ်ခရိုင်လုံးတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု အန္တရာယ် များကို ဆိုးရွားစွာ ကြုံတွေ့နေရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။
သရက်ချောင်းမြို့နယ်တွင် စက်တင်ဘာလ ၂၆ ရက် ညသန်းခေါင်ကျော်မှစ၍ ၂၄ နာရီအတွင်း မိုးရေချိန် ၁၃ လက်မကျော်အထိ စံချိန်တင် ရွာသွန်းခဲ့သဖြင့် မြို့နယ်တောင်ဘက်အစွန်ပိုင်းရှိ ကညင်ချောင်းနှင့် သင်ပုန်းချောင်း ကျေးရွာတို့တွင် နေအိမ် ၅၀ ခန့် မြေပိခဲ့ပြီး ကညင်ချောင်းရွာသား နှစ်ဦးအပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးကာ နေအိမ် ၁၆၆ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံအချို့နှင့် မေတ္တာရှင်ပရဟိတ အသင်းတာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် မြိတ်-ထားဝယ် လမ်းပိုင်း၌ စစ်ရေးတင်းမာနေသဖြင့် အဝေးရောက် ရွာသားများ၏ လှူဒါန်းငွေဖြင့် သာ စားဝတ်နေရေး ဖြေရှင်းနေကြရပြီး၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အလှူရှင်များ အရောက်အပေါက် နည်းနေသဖြင့် မြေပိနေသည့် နေအိမ်များကို ပြန်လည်ဖော်ယူရန် ဘတ်ဟိုး၊ ကရိန်းများနှင့် စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။