ထားဝယ်ဒေသတွင် မိုးဆက်တိုက်ရွာပြီး ရေကြီးမြေပြိုမှုကြောင့် လူသေဆုံးမှုများ ရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရွာပေါင်း ၆၀ ကျော် ရေကြီးမြေပြိုမှု အပြင်းအထန် ခံရပြီး ကလေးနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးကာ ၃၀ ထက် မနည်း ပျောက်ဆုံးနေကြောင်း မြေပြင် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက စတင်ကာ မိုးဆက်တိုက် ရွာသွန်းခဲ့ခြင်းဖြစ်ပြီး လောင်းလုံးမြို့ နယ်တွင် ၁၀ ဦး၊ ထားဝယ်မြို့နယ်တွင် ၂ ဦးနှင့် သရက်ချောင်းမြို့နယ်တွင် ၁ ဦး သေဆုံးခဲ့ရာ သေဆုံးသူနှင့် ပျောက်ဆုံးသူ အရေအတွက်မှာ ထက်မက ပိုမိုများပြားလာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

မိုင် ၅၀ ကျော် ရှည်လျားသည့် လောင်းလုံးတောင်တန်း တစ်လျှောက်တွင် တောင်ပြိုမှုများ ဆက်တိုက် ဖြစ်ပွား နေသဖြင့် နေအိမ် ၅၀ ကျော်နှင့် တံတား ၁၀ စင်းထက်မနည်း ပျက်စီးသွားသည့်အပြင် လောင်းလုံး-ရှင်မော် ကားလမ်းပေါ်ရှိ တောကျဲ၊ သကျက်တော၊ သဝင်၊ ရဘဲ၊ ဇလွတ် စသည့် ကျေးရွာများတွင် တောင်ပြိုကျမှု ကြောင့် လူသေဆုံးမှုနှင့် ပျောက်ဆုံးမှုများ ဆိုးရွားစွာ ကြုံတွေ့နေရသည်။

ဒေသခံ ပရဟိတ အမျိုးသားတစ်ဦးက “မောင်းမကန်နားကနေ တောင်ကြောအဆုံး ရှင်မော်အထိ တောင်တန်း တောက်လျှောက် မြေပြိုနေတာပါ။ အောက်ရေဖြူ၊ ကဒက်ငယ်ထိန် အပါအဝင် လောင်းလုံးအောက်ဘက် ခြမ်းက ရေဘေးသင့်ရွာတွေ အားလုံးမှာ ဖုန်းလိုင်းတွေပါ လုံးဝ ပြတ်တောက်သွားလို့ တတ်နိုင်သလောက်တော့ ကူညီနေကြပေမဲ့ သတင်းအချက်အလက် ရဖို့ရော သွားဖို့လာဖို့ပါ တကယ့်ကို အခက်တွေ့နေရတယ်” ဟု ပြောသည်။

လက်ရှိတွင် လောင်းလုံးမြို့နယ် တောင်ဘက်ခြမ်းရှိ ကျောက်နီမော်၊ ကရင်ကြီး၊ သဗျာ၊ ပဉ္စသီမော် စသည့် ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေပြီး စွန်းကြီး၊ ဝဲမကိုက်၊ ကျောက်တွင်းနှင့် ညောပြင် စသည့် ကျေးရွာများတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ လုံးဝပြတ်တောက်လျက် ရှိသည်။ ဒေသခံ အများစုမှာ ရေဘေးလွတ်ရာ အထပ် မြင့် အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် စုပေါင်း ခိုလှုံနေကြရသည်။

ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင်လည်း တစ်ထပ်အိမ်များ ရေမြုပ်သည်အထိ ရေကြီးနေကာ ထားဝယ်-မြိတ် ပြည်ထောင်စု လမ်းပိုင်းရှိ ကညင်ချောင်းတံတား ပျက်စီးသွားသဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ သည်။

သရက်ချောင်းမြို့နယ်တွင်လည်း တီတွတ်ပြင်၊ ပဲဒက်၊ ရှင်မုတ္ထီး၊ ကြာအင်း စသည့် ကျေးရွာများအတွင်း ရေဝင်ရောက်နေပြီး မြိတ်-ထားဝယ် ကားလမ်းမပေါ် ရေဖုံးလွှမ်းနေသဖြင့် သွားလာ၍ မရတော့ပေ။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ တာဝန်ရှိသူတစ်ဦးက “အဓိက စိန်ခေါ်မှုကတော့ စစ်အုပ်စုတပ်က စားနပ်ရိက္ခာနဲ့ ဆေးဝါး သယ်ယူခွင့်ကို အရင်ကတည်းက ကန့်သတ်ထားတဲ့ တောင်ပျောက် တိုက်နယ်လို ဒေသတွေမှာ ရေဘေးပါ ထပ်ကြုံရတော့ ကူညီရတာ ပိုခက်သွားတာပဲ။ ကျနော်တို့ ပအဖ နယ်မြေခံ အဖွဲ့တွေအနေနဲ့ အန္တရာယ်ရှိတဲ့ ရွာတွေက ပြည်သူတွေကို ဘေးကင်းရာ ရွှေ့ပေးနေသလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နည်းဗျူဟာ (၃၃) အောက်က တော်လှန်ရေး တပ်ဖွဲ့တွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေ အားလုံး ပူးပေါင်းပြီး ရေဘေးကူညီရေးကို အစွမ်းကုန် လုပ်ဆောင်ပေးနေပါတယ်” ဟု ပြောသည်။

လောင်းလုံးမြို့ပေါ် ရပ်ကွက် ၄ ခုမှ ရေဘေးသင့်ပြည်သူ ၈,၄၀ဝ ကျော်ကို ပန်တောဝ ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းပေးထားကြောင်း စစ်အုပ်စုတပ်က ထုတ်ပြန်ထားသော်လည်း မြေပြင်တွင်မူ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး အကူအညီများစွာ လိုအပ်နေဆဲ ဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တနင်္သာရီ ကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေ သည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်သဖြင့် ဒေသခံ ပြည်သူများအနေ ဖြင့် မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုမှု အန္တရာယ်များကို အထူးသတိပြုကြရန် နှိုးဆော်ထားသည်။