ထိုင်းနိုင်ငံက ကျောင်းသား ဗီဇာ ၁၀,၀၀၀ နီးပါး ပယ်ဖျက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။
ထိုင်းနိုင်ငံသည် သတ်မှတ်ချက်နှင့် မကိုက်ညီသော ကျောင်းသား ဗီဇာဟု ခေါ်ဆိုကြသော ပညာရေး ဗီဇာ ၁၀,၀၀၀ နီးပါးကို ရုတ်သိမ်းခဲ့သည်ဟု ဆိုသည်။
အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ တီထွင်မှု ဝန်ကြီးဌာန က ဒီဂရီ သင်တန်းမဟုတ်သော ရက်တို ပညာရေး အစီအစဉ်များတွင် စာရင်းသွင်းထားသော ကျောင်းသားများအတွင်းမှ မေလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသူများ၏ ဗီဇာများကို ပယ်ဖျက်ရန် လူဝင်မှု ကြီးကြပ်ရေး ရဲကို အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးဌာနအနေနဲ့ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရက်တို ပညာရေး အစီအစဉ်များကို စောင့်ကြည့်နိုင်မည့် ပြည့်စုံသည့် ဒေတာဘေ့စ် စနစ်တစ်ခုကို အသစ် တည်ဆောက်ထားသည်ဟု အဆင့်မြင့်ပညာရေး ဝန်ကြီးက ပြောသည်။
လုပ်ထုံးလုပ်နည်း အသစ်တွင် ရက်တို ပညာရေး အစီအစဉ်များ လုပ်ဆောင်နေသည့် ပညာရေး အဖွဲ့အစည်းများသည် ကျောင်းသားများ၏ ကျောင်းခေါ်ချိန်ကို စီစစ်နိုင်မည့် အချက်အလက်များ အပါအဝင် လစဉ်အစီရင်ခံစာများကို ပေးပို့ရမည် ဖြစ်သည်။
အဓိကအားဖြင့် ကျောင်းသား ဗီဇာ ရယူပြီး အခြား လုပ်ငန်းများ လုပ်ဆောင်နေခြင်းကို တိုက်ဖျက်ရန် ဖြစ်သည်ဟု ဝန်ကြီးဌာနက ပြောသည်။