အမေရိကန်သို့ ပေးပို့သည့် စာတိုက်ဝန်ဆောင်မှုများ ရပ်ဆိုင်းမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။ 

ကုန်သွယ်ခွန်ကိစ္စ ရှင်းလင်းမှု မရှိသောကြောင့် ကမ္ဘာအနှံ့မှ စာတိုက်ဝန်ဆောင်မှုများက အမေရိကန်ကို စာနဲ့ ပါဆယ်ပစ္စည်းပေးပို့မှုများ ရပ်ဆိုင်းထားမည် ဟု ဆိုသည်။ 

ယခု ဩဂုတ်လကုန်မှ စပြီး အမေရိကန်နိုင်ငံသို့ ပေးပို့သည့် ပါဆယ်များကို သွင်းကုန်ခွန်ပေးဆောင်ရတော့မည် ဖြစ်သည်။ 

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ကမ္ဘာတဝှမ်း အခွန်ကင်းလွတ်ခွင့် ချွင်းချက်များကို အဆုံးသတ်စေသည့် စီမံခန့်ခွဲမှု အမိန့်ကို ဇူလိုင်လက လက်မှတ်ရေးထိုးခဲ့ပြီး ယခုလ ၂၉ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်သည်။ 

ဒေါ်လာ ၁၀၀ အောက် တန်ဖိုးရှိသည့် လက်ဆောင်ပစ္စည်းများအတွက် အခွန်ကင်းလွတ်ခွင့် ဆက်ရှိနေမည် ဖြစ်သော်လည်း ယင်းထက် တန်ဖိုးရှိသော ပစ္စည်းများကို တခြား သွင်းကုန်ပစ္စည်းများ နည်းတူ မူရင်း နိုင်ငံကို လိုက်ပြီး အခွန်ကောက်ခံ သွားမည် ဖြစ်သည်။ 

အင်္ဂလန်အခြေစိုက် Royal Mail နဲ့ ဂျာမဏီအခြေစိုက် DHL စတဲ့ စာပို့ ဝန်ဆောင်မှုများက ၎င်းတို့အနေနှင့် စည်းကမ်း အသစ်များနှင့် အလုပ်လုပ်ကိုင်နိုင်သည့် ခိုင်မာသော စနစ်တစ်ခု ပေါ်လာသည် အထိ အမေရိကန်သို့ ပစ္စည်း ပေးပို့မှု ရပ်ဆိုင်းထားမည်ဟု ဆိုသည်။ 

သမ္မတ ထရန့်အစိုးရ အဖွဲ့က ကုန်ပစ္စည်းများကို သင်္ဘောနဲ့ တရားဝင် မပို့ပဲ စာတိုက်မှ ပို့ဆောင်ကာ အခွန်ရှောင်ခြင်း၊ တရားမဝင် ပစ္စည်း ပို့ဆောင်ခြင်းတို့ကို ဖယ်ရှားရန် စာတိုက်မှ လာသော ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ဥရောပ စာပို့စနစ်များဖြစ်သော Royal Mail နဲ့ DHL တို့က  ဩဂုတ်လ ၂၉ ရက် စနေနေ့မှ စ၍ အမေရိကန်သို့ ပစ္စည်းပေးပို့ခြင်းကို ရပ်ဆိုင်းထားမည်ဟု ဆိုသည်။ 

Online ဈေးရောင်းသည့် ကုမ္ပဏီဖြစ်သော Etsy ကတော့ Australia Post, Canada Post, Royal Mail နဲ့ Evri တို့မှ တဆင့် အမေရိကန် ကိုပို့ဆောင်မည့် ပစ္စည်းအမှာများကို ဩဂုတ်လ ၂၅ ရက်က စပြီး ရပ်တန့်သွားမည်ဟု ဆိုသည်။