လေကြောင်းတိုက်ခိုက်မှုကို စကားလုံးဖြင့် တားမရဟု အာဆီယံအမတ်များ သတိပေး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။

စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကို စကားလုံးသက်သက်ဖြင့် တားဆီး၍မရနိုင်တော့ကြောင်းနှင့် အာဆီယံအနေဖြင့် ‘ပြည်တွင်းရေးမစွက်ဖက်ရေး’ မူဝါဒကို ကျော်လွန်ကာ လက်တွေ့ကျသည့် ဖိအားများပေးရန် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်မြောက်ချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

မြန်မာပြည်သူများ ၅ နှစ်တာ ခံစားနေရသည့် ဘေးဒုက္ခများသည် နယ်စပ်ကိုကျော်လွန်၍ ဒေသတွင်း မတည်ငြိမ်မှုများ အထိ ရိုက်ခတ်လာနေပြီဖြစ်ကြောင်း APHR က ထောက်ပြထားသည်။ 

ထိုင်းလွှတ်တော်အမတ် ရန်စီမံရုန်းက စကားလုံးတွေနဲ့ပဲ ပြောနေလို့ လေကြောင်းတိုက်ခိုက်မှုတွေကို တားနိုင် မှာ မဟုတ်သလို၊ ဖိအားမပါတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကလည်း အရပ်သားတွေကို မကာကွယ်နိုင်ဘူး ဟု ပြောဆိုလိုက်ပြီး စစ်ကော်မရှင်အပေါ် ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အလားတူ ၂၀၂၆ ခုနှစ်၏ အာဆီယံဥက္ကဋ္ဌ ဖြစ်လာသည့် ဖိလစ်ပိုင်နိုင်ငံမှ လွှတ်တော်အမတ် လိုင်လာဒီလီမာက လည်း မြန်မာ့အရေးအတွက် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို အာဆီယံက မဖြစ်မနေ ရှာဖွေရမည်ဟု ဆိုသည်။

စစ်ကော်မရှင်က အတင်းအဓမ္မ ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပေါ်တွင်လည်း APHR က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး ယင်းသည် စစ်ရာဇဝတ်ကောင်များကို အကာအကွယ်ပေးရန် ရည်ရွယ်သည့် ‘ဟန်ပြ’ ဖြစ်စဉ်သာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

ပြည်သူများသည် လက်တုံ့ပြန်ခံရမည်ကို ကြောက်ရွံ့၍သာ မဲပေးခဲ့ကြရခြင်းဖြစ်ပြီး၊ အတိုက်အခံပါတီများကို ဖယ်ထုတ်ထားသည့် အဆိုပါရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခြင်းမှာ ကြိုတင်ဇာတ်တိုက်ထား သည့်အတိုင်းသာ ဖြစ်သည်ဟု APHR က ဆိုသည်။

ထို့ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ယခုဟန်ပြရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် မည်သည့် အဖွဲ့အစည်းကိုမဆို အသိအမှတ်မပြုဘဲ ပယ်ချရန်နှင့် မြန်မာပြည်သူများ၏ အစစ်အမှန်အသံကို နားထောင်ရန် အာဆီယံလွှတ်တော်အမတ်များက စုပေါင်းတောင်းဆိုထားကြသည်။ 

ဤလုပ်ရပ်သည် အာဆီယံ၏ ဂုဏ်သိက္ခာနှင့် ဒေသတွင်းလုံခြုံရေးအတွက် အရေးပါသည့် ခြေလှမ်းဖြစ်ကြောင်း လည်း ၎င်းတို့က အလေးပေး ဖော်ပြခဲ့ကြသည်။