၅ နှစ်အတွင်း မြန်မာ့စီးပွားရေး ဒေါ်လာဘီလီယံ ၁၀၀ ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂ သတိပေး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်မြောက်ချိန်၌ ပြည်သူများ၏ ဒုက္ခသည် အဆိုးရွားဆုံးအခြေအနေ သို့ ရောက်ရှိနေပြီး နိုင်ငံ၏ စီးပွားရေးမှာလည်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် ဆုံးရှုံးသွားခဲ့ကြောင်း ကုလသမဂ္ဂက သတိပေး ထုတ်ပြန်လိုက်သည်။
ကုလသမဂ္ဂ၏ နောက်ဆုံးမှတ်တမ်းများ အရ နိုင်ငံအတွင်းရှိ လူဦးရေ၏ လေးပုံတစ်ပုံခန့်သည် ငတ်မွတ်ခေါင်းပါး မှုဒဏ်ကို ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု ဆိုသည်။
စစ်ကော်မရှင်က အတင်းအဓမ္မ ဖော်ဆောင်နေသည့် ရွေးကောက်ပွဲကာလ အတွင်းမှာပင် လေကြောင်း တိုက်ခိုက်မှုပေါင်း ၄၀၀ ကျော် ပြုလုပ်ခဲ့သဖြင့် အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ရသည်ဟု ဆိုသည်။
၎င်းတို့အနက် ဇန်နဝါရီလနှောင်းပိုင်းက ကချင်ပြည်၊ ဗန်းမော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လေကြောင်းဗုံးကြဲမှု ကြောင့် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်ရပ်မှာ အဆိုးရွားဆုံးဖြစ်ခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် နိုင်ငံရေးထွက်ပေါက် မဟုတ်ကြောင်း ထောက်ပြဝေဖန်လိုက်ပြီး “ဒီရွေးကောက်ပွဲဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ပိုမိုစိတ်ဝမ်းကွဲစေတဲ့ ဖြစ်စဉ်သာဖြစ်တယ်” ဟု မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် အရပ်သားပြည်သူများ အပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်ကော်မရှင်ကို ဖိအားပေးကြရန် ကုလသမဂ္ဂက ထပ်မံတိုက်တွန်းထားသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် ပြည်တွင်းစစ်ကြောင့် ပျက်စီးယိုယွင်းမှုများ သာမက စီးပွားရေး စနစ်တစ်ခုလုံး ပြိုလဲလုနီးပါးဖြစ်နေသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။