၅ နှစ်အတွင်း အမျိုးသမီး ၁,၀၀၀ နီးပါး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရဟု WLB ထုတ်ပြန်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသည့် ၅ နှစ်တာကာလအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁,၀၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
WLB မှ ထုတ်ပြန်သည့် “၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း” အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တစ်နှစ် တည်းမှာပင် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုပေါင်း ၂၀၉ မှုအထိ ရှိခဲ့သည်။
အဆိုပါ ကျူးလွန်မှုများထဲတွင် အိမ်တွင်းအကြမ်းဖက်မှုများက အများဆုံးဖြစ်နေသော်လည်း၊ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် မုဒိမ်းမှုများနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုများမှာလည်း ထိတ်လန့် ဖွယ်ရာ ကိန်းဂဏန်းများဖြင့် ပါဝင်နေသည်။
စစ်အုပ်စုသည် ၎င်းတို့ကျူးလွန်သမျှကို မည်သည့်အရေးယူမှုမျှ မရှိသည့် ‘ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity)’ ကို အခွင့်ကောင်းယူကာ တိုင်းရင်းသူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို စစ်လက်နက်သဖွယ် အသုံးချကာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း WLB က ဝေဖန်ထောက်ပြထားသည်။
ထို့ပြင် ယခုကဲ့သို့သော အကြမ်းဖက်မှုများတွင် စစ်အုပ်စုသာမက အခြားသော လက်နက်ကိုင်အင်အားစု အချို့ လည်း ပါဝင်နေသည်ကို စိစစ်တွေ့ရှိရကြောင်း ဆိုသည်။
ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်စေရန် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ စစ်ကော်မရှင်ထံ လက်နက်နှင့် လေယာဉ်ဆီ ရောင်းချပေးနေမှုများကို ချက်ချင်းရပ်တန့်ရန် အပါအဝင် အချက် ၄ ချက်ကို WLB က အရေးပေါ် တောင်းဆိုထားသည်။
အမျိုးသမီးများအပေါ် မြေပြင်တွင် ယခုကဲ့သို့ ကျူးလွန်မှုများ ရှိနေသည့်တိုင် စစ်ကော်မရှင်က အတင်းအဓမ္မ လုပ်ဆောင်နေသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ်တွင်မူ ကုလသမဂ္ဂနှင့် အာဆီယံလွှတ်တော်အမတ်များ (APHR) က နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့်အပြင် တရားဝင်မှုမရှိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် ကန့်ကွက်ထားကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံတဝန်း တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများကြား၌ အမျိုးသမီးများသည် လုံခြုံမှုကင်းမဲ့သည့် ဘဝများကို ဖြတ်သန်းနေရပြီး၊ တရားမျှတမှု ရရှိနိုင်မည့် လမ်းစများမှာလည်း စစ်အုပ်စု၏ ဖိနှိပ်မှုများအောက် တွင် ပျောက်ကွယ်နေဆဲ ဖြစ်သည်ဟု အမျိုးသမီးရေး တက်ကြွလှုပ်ရှားနေသူများက ပြောသည်။