ဝက်လက် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ၂ လသား အပါအဝင် အရပ်သား ၄ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။ 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်း တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၂ လသား ကလေးအပါအဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ နှစ်လသားအရွယ် ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၄ ဦး သေဆုံးသွားခဲ့ ကြောင်း ဒေသခံများက ပြောသည်။ 

မြေပြင်တွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက ဘာတိုက်ပွဲမှ မရှိဘဲ ဒီတိုင်း လာကြဲတာဗျ။ လေယာဉ်သံကြားလို့ ပြေးတုန်းရှိသေးတယ်၊ ဗုံးက ကျလာပြီ။ ရှောင်ချိန်တောင် မရလိုက်ကြ ဘူး။ ၂ လသား ကလေး ဆိုတာ ဘာမှတောင် မသိသေးရှာဘူး၊ အတော်လူစိတ်မရှိကြတာဗျ။ ရွာက စာသင် ကျောင်းရော၊ အိမ်တွေရော အကုန်မီးလောင်ကုန်တာပဲဟု ပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေး တံတားဦးလေဆိပ်မှ တက်လာသည့် တိုက်လေယာဉ် နှစ်စီးသည် ဝက်လက်မြို့နယ် တောင်ခြမ်းရှိ ပေါက်ကန်ဘူတာကျေးရွာနှင့် ရေသောက်ကန်ကျေးရွာရှိ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ ဗုံး ၃ ကြိမ် ကြဲချခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် ၂ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၆၀ ကျော်၊ ၇၀ ကျော်အရွယ် အဖွားနှစ်ဦးမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးမှာလည်း ဆေးကုသမှုခံယူနေစဉ် ညနေပိုင်းတွင် ထပ်မံသေဆုံးသွားခဲ့သည်။

ဗုံးဒဏ်ကြောင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ လူနေအိမ်များနှင့် ကား၊ ဆိုင်ကယ်အချို့လည်း မီးလောင် ပျက်စီးခဲ့ရသည်။ 

ဝက်လက်မြို့နယ်အတွင်းတွင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ကျူးလွန်နေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း၌ပင် ၁၄ ကြိမ်အထိ ဗုံးကြဲခဲ့ရာ သံဃာတော်များနှင့် ကလေးသူငယ်များအပါအဝင် စုစုပေါင်း ၂၆ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

Wetlet Informational Network (ဝက်လက် သတင်းကွန်ရက်) မှ တာဝန်ရှိသူတစ်ဦးကလည်း စစ်တပ်က မြေပြင်မှာ စစ်ကြောင်း ထိုးရုံ တင် မကဘဲ ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေပါ စနစ်တကျ ကြိုတင်စီစဉ် တိုက်ခိုက်နေတာ ပါ။ တိုက်ပွဲမရှိတဲ့ နေရာတွေကို ဗုံးကြဲတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်လို့ ဒါတွေကို သက်သေ အဖြစ် မှတ်တမ်းတင်ထားပါတယ် ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေး ဝန်ကြီးဌာန၏ ဇန်နဝါရီ ၄ ရက်နေ့၊ ထုတ်ပြန်ချက်အရ အာဏာသိမ်း ၅ နှစ်အတွင်း စစ်ကောင်မရှင်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၄၄၉၈ ကြိမ်  ရှိခဲ့သည်။

အဆိုပါ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၄,၆၈၃ ဦး ရှိပြီး သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆၃၇ ဦး ပါဝင်သည်ဟု ထုတ်ပြန်ထားသည်။