အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာအဖွဲ့အစည်း ၆၆ ဖွဲ့မှ နှုတ်ထွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။ 

အမေရိကန်ပြည်ထောင်စုသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် နိုင်ငံတကာအဖွဲ့အစည်းပေါင်း (၆၆) ခုမှ တရားဝင်နှုတ်ထွက်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာသည်။ 

၎င်းအဖွဲ့အစည်းများတွင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၃၁) ဖွဲ့နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်း (၃၅) ဖွဲ့ ပါဝင်သည်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ အဆိုပါအဖွဲ့အစည်းများသည် အမေရိကန်၏ အကျိုးစီးပွားကို ဆန့်ကျင်နေသည့်အပြင် အခွန်ထမ်းပြည်သူများ၏ ငွေကြေးများကို ဖြုန်းတီးနေခြင်းနှင့် “Woke” ဟုခေါ်ဆိုသော လူမှုပြုပြင်ပြောင်းလဲရေး အစီအစဉ်များကိုသာ ဦးစားပေးဖော်ဆောင်နေခြင်းတို့ကြောင့် ယခုကဲ့သို့ နှုတ်ထွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။ 

နှုတ်ထွက်လိုက်သော အဖွဲ့အစည်းများထဲတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်အဖွဲ့ (UNFCCC)၊ လူဦးရေနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) နှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာအဖွဲ့ (UN Women) တို့ကဲ့သို့ အရေးကြီးအဖွဲ့များ ပါဝင်နေသည်။ 

ထိုသို့နှုတ်ထွက်မှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးရန် ကြိုးပမ်းချက်များ ထိခိုက်နိုင်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုလုပ်ငန်းများအတွက် ရန်ပုံငွေ ထက်ဝက်ခန့် လျော့နည်းသွားနိုင်ကြောင်း ပညာရှင်များက စိုးရိမ်လျက်ရှိသည်။

သို့သော်လည်း အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC)၊ နိုင်ငံတကာအဏုမြူအေဂျင်စီ (IAEA) နှင့် နေတိုး (NATO) တို့ကဲ့သို့ မဟာဗျူဟာအရ အရေးပါသောအဖွဲ့အစည်းများတွင်မူ ဆက်လက်ပါဝင်နေမည်ဖြစ်သည်။ 

မြန်မာနိုင်ငံကဲ့သို့သော အကျပ်အတည်းကြုံတွေ့နေရသည့် နိုင်ငံများအတွက်မူ ကုလသမဂ္ဂမှတစ်ဆင့်ရရှိသော ဒုက္ခသည်ကူညီရေး၊ အမျိုးသမီးအခွင့်အရေးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး ရန်ပုံငွေများ သိသိသာသာ လျော့နည်းသွားနိုင်သည့် အလားအလာရှိနေသည်။။