ရုရှား-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ ယူကရိန်းအရေး စွပ်စွဲပြစ်တင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။ 

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပ၌ ရုရှားနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းနိုင်ငံသို့ အမေရိကန်က လက်နက်များ ဆက်လက်ထောက်ပံ့နေမှုကို ရုရှားဘက်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆရ်ဂေး လာဗရော့ဗ် က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဘီယို နှင့် တွေ့ဆုံစဉ် ယူကရိန်းအစိုးရထံ အမေရိကန်က လက်နက်များ ဆက်လက်ရောင်းချ ပေးပို့နေခြင်းသည် လက်ခံနိုင်စရာမရှိသည့် ကိစ္စဖြစ်ကြောင်း သတိပေးခဲ့သည်။ 

ထို့အပြင် ရှေ့တန်းစစ်မျက်နှာပြင်မှ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ပဋိပက္ခကို နိုင်ငံရေးနှင့် သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ရုရှားဘက်မှ အသင့်ရှိနေကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ 

အဆိုပါတွေ့ဆုံမှုတွင် ပါရှန်ပင်လယ်ကွေ့ ဒေသအတွင်း အမေရိကန်နှင့် အီရန်တို့အကြား တင်းမာနေသည့် စစ်ရေးအခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် ရုရှားနှင့် ယူကရိန်းတို့အကြား ဒုံးကျည်နှင့် ဒရုန်း တိုက်ခိုက်မှုများ ပိုမိုပြင်းထန်နေပြီး ရုရှားဘက်က ယူကရိန်းအရှေ့ပိုင်းသို့ ဒရုန်းများနှင့် ဒုံးကျည် ၁၇၀ ကျော်ဖြင့် ညလုံးပေါက် တိုက်ခိုက်ခဲ့သည်။ 

အလားတူ ယူကရိန်း၏ ပြန်လည်တိုက်ခိုက်မှုများကြောင့် ရုရှားထိန်းချုပ်ထားသည့် ကရိုင်းမီးယား ကျွန်းဆွယ်နှင့် နယ်စပ်ဒေသများတွင် လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရုရှားတာဝန်ရှိသူများက ထုတ်ပြန်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ ရုရှား၏ စွမ်းအင် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် ယူကရိန်း၏ အဝေးပစ် ဒုံးကျည်တိုက်ခိုက်မှုများကို ထောက်ခံကြောင်း မကြာသေးမီက ကျင်းပခဲ့သည့် NATO ထိပ်သီးအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။

Photo:AFP