အမေရိကန်၏ လုံခြုံရေး ကတိကဝတ်များအပေါ် အာရှမဟာမိတ်များ သံသယ တိုးလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။ 

အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန်အတွက် တောင်ကိုရီးယားနှင့် ပူးတွဲပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှုများကို လျှော့ချခဲ့သည့်အပြင် လာမည့်လတွင် ပြုလုပ်ရန် စီစဉ်ထားသော လေ့ကျင့်မှုတစ်ခုကိုပါ ရုတ်တရက် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပါ ဆုံးဖြတ်ချက်နှင့် အခြား မဟာဗျူဟာမြောက် မူဝါဒ အပြောင်းအလဲများကြောင့် အာရှဒေသတွင်းရှိ မဟာမိတ်နိုင်ငံများအကြား အမေရိကန်အပေါ် လုံခြုံရေးအရ မှီခိုအားကိုးနိုင်မှုအပေါ် သံသယများ တိုးပွားလာနေကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

မြောက်ကိုရီးယားအပေါ် သမ္မတထရမ့်၏ လျှော့ပေါ့ပေးသည့် ပေါ်လစီသည် အန္တရာယ်ရှိကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဟောင်းက ဝေဖန်ခဲ့သည်။ 

ထို့ပြင် ဂျပန်နိုင်ငံ၌ အမေရိကန်စစ်တပ် အခြေစိုက်စရိတ် ပိုမိုတောင်းခံလာမည်ကိုလည်းကောင်း၊ အရှေ့အလယ်ပိုင်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘော ပြောင်းရွှေ့လိုက်ခြင်းကြောင့် အာရှဒေသတွင်း တရုတ်နှင့် မြောက်ကိုရီးယားတို့အပေါ် ဟန့်တားနိုင်စွမ်း ကျဆင်းသွားမည်ကိုလည်းကောင်း ဂျပန်အစိုးရက စိုးရိမ်လျက်ရှိသည်။

ထို့အပြင် အမေရိကန်သည် လာမည့်လအတွင်း တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ထိပ်သီးအစည်းအဝေး မပြုလုပ်မီ ထိုင်ဝမ်သို့ ရောင်းချမည့် ဒေါ်လာ ၁၄ ဘီလီယံတန် လက်နက် ပက်ကေ့ဂျ်ကိုလည်း ဆိုင်းငံ့ထားသည်။