အမေရိကန်ကလာမည့်အပတ်တွင် အီရန်ကိုတိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နိုင်ငံအား လာမည့်သီတင်းပတ်ကုန်တွင် စတင်တိုက်ခိုက်နိုင်သည့်အထိ စစ်ရေးအရ အသင့်ပြင်ဆင်ထားကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ CNN သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အဆိုပါစစ်ဆင်ရေးကို စတင်ရန် တရားဝင်အမိန့်ပေးမည့် နောက်ဆုံးဆုံးဖြတ်ချက်ကိုမူ ယခုထက်တိုင် ချမှတ်ခြင်း မရှိသေးပေ။
လတ်တလောရက်ပိုင်းအတွင်း အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသသို့ လေကြောင်းနှင့် ရေကြောင်းစစ်အင်အားများကို သိသာထင်ရှားစွာ ဖြည့်တင်းထားရှိသည်။
ကမ္ဘာ့အဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘော USS Gerald Ford သည် လာမည့်သီတင်းပတ်ကုန်တွင် ဒေသတွင်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး ဗြိတိန်အခြေစိုက် တိုက်လေယာဉ်များနှင့် ဆီဖြည့်လေယာဉ်များကိုလည်း အရှေ့အလယ်ပိုင်းနှင့် နီးစပ်ရာဒေသများသို့ ပြောင်းရွှေ့နေရာချထားပြီး ဖြစ်သည်။
ဂျနီဗာမြို့၌ အီရန်နှင့် အမေရိကန်ကိုယ်စားလှယ်များအကြား သွယ်ဝိုက်သောနည်းဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသော်လည်း ထူးခြားသောရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
အိမ်ဖြူတော်က သံတမန်ရေးရာနည်းလမ်းကို ပထမဦးစားပေးအဖြစ် ထားရှိသော်လည်း စစ်ရေးအရ တိုက်ခိုက်ရန် အမြဲတမ်းအသင့်ပြင်ဆင်ထားကြောင်း ဆိုသည်။
တစ်ဖက်တွင်လည်း အီရန်နိုင်ငံသည် ၎င်းတို့၏ နျူကလီးယားစက်ရုံများကို ကွန်ကရစ်နှင့် မြေစာများအသုံးပြု၍ မြေအောက်တွင် ပိုမိုခိုင်ခံ့အောင် အရေးပေါ်ခံစစ်ပြင်ဆင်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများအရ သိရှိရသည်။ လာမည့်အင်္ဂါနေ့တွင် ကျရောက်မည့် နိုင်ငံတော်အခြေပြမိန့်ခွန်း၊ ဆောင်းရာသီအိုလံပစ်ပွဲ ပြီးဆုံးမည့်ရက်နှင့် ရာမာဒန်ဥပုသ်လ စတင်မှုတို့သည် စစ်ဆင်ရေးစတင်မည့်အချိန်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်ကြသည်။