အီရန်နိုင်ငံက မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီနှင့် လက်နက်ကုန်ကြမ်းများ လျှို့ဝှက်တင်ပို့နေကြောင်း ရိုက်တာ သတင်းဌာန ထုတ်ဖော်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။
ရိုက်တာသတင်းဌာန၏ စုံစမ်းစစ်ဆေးမှုအရ အီရန်နိုင်ငံသည် မြန်မာစစ်ကောင်စီထံသို့ လေယာဉ်ဆီနှင့် လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ယူရီးယား (Urea) ဓာတုပစ္စည်းများကို လျှို့ဝှက်တင်ပို့နေသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အီရန်သည် လေယာဉ်ဆီ တန်ချိန်ပေါင်း ၁၇၅,၀၀၀ ခန့် (သင်္ဘော (၉) ကြိမ်စာ) ကို ပေးပို့ခဲ့သည်။
ထိုသို့ တင်ပို့ရာတွင် “အရိပ်သင်္ဘော” (Shadow Fleet) ဟု ခေါ်ဆိုသည့် တည်နေရာဖုံးကွယ်ထားသော Reef နှင့် Noble ရေနံတင်သင်္ဘောနှစ်စင်းကို အသုံးပြုခဲ့ပြီး၊ တည်နေရာပြစနစ် (AIS) ကို အီရတ်နိုင်ငံအနီးတွင် ရှိနေသယောင် လိမ်လည်ပြသ၍ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ လာရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
အီရန်ထံမှ ရရှိသည့် လေယာဉ်ဆီများကြောင့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်တင်နိုင်ခဲ့ပြီး ၁၅ လအတွင်း အရပ်ဘက်ပစ်မှတ်ပေါင်း ၁,၀၀၀ ကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့အပြင် လက်နက်နှင့် ယမ်းများထုတ်လုပ်ရန် ယူရီးယား တန်ချိန် ၄ သိန်းမှ ၆ သိန်းကြားကိုလည်း တင်ပို့ခဲ့ရာ၊ ယင်းနောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁,၇၂၈ ဦးအထိ သေဆုံးခဲ့ရသည်။
အထူးသဖြင့် ၂၀၂၅ ခုနှစ်အတွင်း ချင်းပြည်နယ်၊ ဗန်ဟားရွာ စာသင်ကျောင်းနှင့် ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံတို့ ဗုံးကြဲခံရမှုများသည် အဆိုပါ လောင်စာဆီများ ရောက်ရှိနေသည့် အချိန်ကာလနှင့် တိုက်ဆိုင်နေကြောင်း ရိုက်တာသတင်းဌာနက ထောက်ပြထားသည်။
ယခင်က ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ မြန်မာစစ်တပ်ကို ဝေဖန်ခဲ့သော အီရန်သည် ယခုအခါ စီးပွားရေးပိတ်ဆို့မှုများကြောင့် ငွေကြေးရရှိရန်အတွက် စစ်ကောင်စီနှင့် နိုင်ငံရေး၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်လာခြင်း ဖြစ်သည်ဟု သုံးသပ်ထားသည်။