ရုရှားဓာတ်ငွေ့ တင်သွင်းမှုကို ဥရောပသမဂ္ဂ အပြီးတိုင်ပိတ်ပင်ရန် သဘောတူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများသည် ရုရှားနိုင်ငံမှ ဓာတ်ငွေ့တင်သွင်းမှုကို အပြီးတိုင်ပိတ်ပင်ရန် ဘရပ်စ်ဆဲလ်မြို့၌ ကျင်းပသော အစည်းအဝေးတွင် နောက်ဆုံးအတည်ပြုချက် ပေးလိုက်ပြီ ဖြစ်သည်။ 

သဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံများသည် ရုရှားသဘာဝဓာတ်ငွေ့အရည် (LNG) ကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်းကောင်း၊ ပိုက်လိုင်းဓာတ်ငွေ့ကို ၂၀၂၇ ခုနှစ် စက်တင်ဘာလကုန်တွင် လည်းကောင်း အပြီးတိုင် ရပ်ဆိုင်းရမည် ဖြစ်သည်။

ရုရှား၏ ယူကရိန်းကျူးကျော်မှုအပေါ် အရေးယူရန်အတွက် ဤပိတ်ပင်မှုကို ဥပဒေကြောင်းအရ အတည်ပြုခဲ့ခြင်းဖြစ်သော်လည်း ရုရှားအပေါ် စွမ်းအင်မှီခိုနေရသည့် ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့က ကန့်ကွက်ခဲ့ကြသည်။ 

ဟန်ဂေရီနိုင်ငံသည် ယခုဥပဒေကို ဥရောပတရားရုံးတွင် တရားစွဲဆို ကန့်ကွက်သွားမည်ဟု ဆိုသည်။

အတည်ပြုလိုက်သော ဥပဒေအရ ဥရောပကုမ္ပဏီများသည် ရုရှားနှင့် ဓာတ်ငွေ့စာချုပ်အသစ်များ ချုပ်ဆိုခွင့်မရှိတော့ဘဲ စာချုပ်ဟောင်းများကိုလည်း သတ်မှတ်ရက်အတွင်း ဖျက်သိမ်းရမည်ဖြစ်သည်။

လိုက်နာခြင်းမရှိသော ကုမ္ပဏီများကို ၎င်းတို့၏ တစ်နှစ်တာ ဝင်ငွေစုစုပေါင်း၏ ၃.၅ ရာခိုင်နှုန်းအထိ ဒဏ်ရိုက်အရေးယူသွားမည် ဖြစ်သည်။