အမေရိကန်က စစ်အုပ်စုအား အထီးကျန် ခွဲထားသည့် မူဝါဒ လမ်းကြောင်းပြောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်များကို အထီးကျန် ခွဲခြား အရေးယူထားသည့် မူဝါဒမှ လမ်းကြောင်းပြောင်းကာ အမေရိကန် ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် မြန်မာစစ်ကောင်စီနှင့် တိုက်ရိုက်ထိတွေ့ဆွေးနွေးမှုများကို စတင်ပြုလုပ်နေကြောင်း အမေရိကန် အရာရှိများနှင့် နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက သတင်းရေးသားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်နှင့် သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ် (Michael Vance) သည် လွန်ခဲ့သည့် စက်တင်ဘာ ၁၅ နှင့် ၁၆ ရက်နေ့များတွင် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် တွေ့ဆွေးခဲ့သည်ဟု ရိုက်တာကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။
အဆိုပါတွေ့ဆုံမှုသည် ၂၀၂၁ နောက်ပိုင်း နှစ်နိုင်ငံအကြား အဆင့်မြင့်ဆုံး ထိတွေ့ဆက်ဆံမှု ဖြစ်လာခဲ့သည်။
အဆိုပါ ထိတွေ့ဆက်ဆံမှုတွင် ကျားဖြန့်နှိမ်နင်းရေး၊ ဖမ်းဆီးခံရသူ လွတ်မြောက်ရေးနှင့် မြေရှားသတ္တု တင်သွင်းရေး ကိစ္စများကို အဓိကအားဖြင့် ဆွေးနွေးခဲ့ကြသည်။
အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား၍ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်နေသည့် အွန်လိုင်းလိမ်လည်မှုစခန်း (Scam Centres) များကို ပိတ်သိမ်းနိုင်ရေးအတွက် မြန်မာဘက်မှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
ရန်ကုန်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်ရေးအတွက် နောက်ကွယ်မှ ညှိနှိုင်းခဲ့ပြီး အစည်းအဝေးနောက်ပိုင်းတွင် အဆိုပါ လုပ်ငန်းရှင် ကို မြန်မာစစ်အုပ်စုက လွှတ်ပေးခဲ့သည်။
ထို့အပြင် လျှပ်စစ်ကားများနှင့် လေအားလျှပ်စစ် တာဘိုင်များတွင် သုံးသည့် မြန်မာနိုင်ငံမှ တူးဖော်ထုတ်လုပ်သော မြေရှားသတ္တု (Rare-earth minerals) သယံဇာတများ ရရှိနိုင်ရေးအတွက် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ ယခုလုပ်ရပ်သည် ဒီမိုကရေစီ မြှင့်တင်ရေးထက် အကျိုးစီးပွားအခြေပြု ထိတွေ့ဆက်ဆံရေးဘက်သို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း အမေရိကန် ဒီမိုကရက်တစ် လွှတ်တော်အမတ်များက ပြင်းပြင်းထန်ထန် ဝေဖန်ထားကြသည်။
လွှတ်တော်အမတ် ဂရက်ဂရီ မီးခ်စ် (Gregory Meeks) က လူ့အခွင့်အရေး ချိုးဖောက်ထားသည့် စစ်ကောင်စီကို ယခုကဲ့သို့ ဆက်ဆံခြင်းသည် စစ်ကောင်စီအတွက် အပြည်ပြည်ဆိုင်ရာ တရားဝင်မှုကို ပေးအပ်ရာ ရောက်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တော်မီ ပိဂေါ့တ် (Tommy Pigott) ကမူ “ပြဿနာတွေကို ဥပေက္ခာပြုထားရုံနဲ့ ဖြေရှင်းလို့ မရပါဘူး၊ တွေ့ဆုံဖြေရှင်းမှပဲ ရပါမယ်” ဟု တုံ့ပြန်ပြောကြားထားသည်။
ထို့အပြင် အမေရိကန်အစိုးရအနေဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အတိုက်အခံ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ဆက်လက်ထိတွေ့မှုများ ရှိနေကြောင်း ထည့်သွင်းပြောကြားထားသည်။