သတင်းတုများ ဖြန့်ခဲ့သည့် ရုရှားနှင့် အီရန် အကောင့်များ OpenAI ပိတ်သိမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။

ဉာဏ်ရည်တု Artificial Intelligence (AI) နည်းပညာကို သတင်းတုများ ဖြန့်ဝေရေးနှင့် သြဇာလွှမ်းမိုးရေး လျှို့ဝှက်လှုပ်ရှားမှုများတွင် အသုံးပြုခဲ့ကြသည့် ရုရှားနှင့် အီရန် အကောင့်များကို ပိတ်သိမ်းလိုက်ကြောင်း OpenAI ကုမ္ပဏီက ထုတ်ပြန်လိုက်သည်။

ရုရှား လှုပ်ရှားသူများသည် လက်တင်အမေရိက နိုင်ငံများကို ပစ်မှတ်ထား၍ ယူကရိန်းအပေါ် ထောက်ခံမှု လျော့ကျသွားစေရေးနှင့် ဒေသတွင်း နိုင်ငံရေးကို သြဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်ဟု ဆိုသည်။

၎င်းတို့သည် ChatGPT ကို အထက်လူကြီးများထံ လုပ်ငန်းအစီရင်ခံစာများ ရေးသားတင်ပြရာတွင် အဓိက အသုံးပြုခဲ့ကြသည်။

ရုရှားလှုပ်ရှားသူများသည် ပီရူးနိုင်ငံရှိ ပညာရေးအာဏာပိုင်များအဖြစ် ဟန်ဆောင်ကာ ပီရူးစာသင်ကျောင်းများကို လှည့်ဖျား၍ ယူကရိန်း အမျိုးသားရေးဝါဒီ စတီပန် ဘန်ဒီရာ (Stepan Bandera) ဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်စေခဲ့သည်။

ဒီဖြစ်စဉ်ကို ပိုလန် သတင်းဌာနများက ထပ်ဆင့်ဖော်ပြခဲ့သောကြောင့် ဥရောပပါလီမန် အမတ်တစ်ဦးက ဘန်ဒီရာကို ထောက်ခံသူများကို ပြည်ဝင်ခွင့် ပိတ်ပင်ရန်အထိ တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

စတီပန် ဘန်ဒီရာမှာ သမိုင်းဝင် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး ယူကရိန်းတို့က အမျိုးသားရေး ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့သော်လည်း ရုရှားနှင့် ပိုလန်တို့က နာဇီ လိုလားသူအဖြစ် သတ်မှတ်ခဲ့သည်။

ရုရှား လှုပ်ရှားသူများသည် AI ကို အသုံးပြု၍ အစီရင်ခံစာများ အလွယ်တကူ ရေးသားခဲ့ခြင်းကြောင့် လှုပ်ရှားမှု လမ်းကြောင်းများကို ခြေရာခံမိခဲ့ခြင်း ဖြစ်ကြောင်း OpenAI က ဆိုသည်။

အီရန် အကောင့်များကမူ AI ကို အသုံးပြု၍ ပါရှန်းနှင့် အင်္ဂလိပ် ဘာသာစကားတို့ဖြင့် သတင်းဆောင်းပါးများ ရေးသားရန် အသုံးပြုခဲ့ကြသည်။

၎င်းတို့၏ ပစ်မှတ်မှာ အမေရိကန်-အီရန် တင်းမာမှုများနှင့် အမေရိကန် နိုင်ငံရေး ဖြစ်သည်၊

အီရန် လှုပ်ရှားသူများသည် သတင်းစာဆရာ အတု ၇ ဦး ပုံစံ ဖန်တီး၍ သတင်းဌာနများထံ ဆောင်းပါးပေါင်း ၁၀၀ နီးပါး ပေးပို့ ပုံနှိပ်ထုတ်ဝေခဲ့သည်။

အမေရိကန် သတင်းဝဘ်ဆိုက် Daily Kos နှင့် ဗြိတိန်အခြေစိုက် Middle East Monitor စသည့် သတင်းဌာနများတွင် ယင်းဆောင်းပါးအချို့ကို ဖော်ပြခဲ့ကြသည်။