ပေါ်လစ် ဗျူရို အဖွဲ့ဝင် ရှန်ဟိုင်းပါတီအကြီးအကဲ စုံစမ်းစစ်ဆေးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာ ရှန်ဟိုင်းမြို့ ကွန်မြူနစ်ပါတီ အကြီးအကဲ ချန်ကျိနင် (Chen Jining) အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရပြီဖြစ်ကြောင်း ကြေညာလိုက်ပြီးနောက် ရှန်ဟိုင်းခေါင်းဆောင်ပိုင်းက ဗဟိုအစိုးရအပေါ် အကြွင်းမဲ့ သစ္စာခံကြောင်း ကတိပြုလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်း ပေါ်လစ်ဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ချန်ကျိနင်ကို စည်းကမ်းနှင့် ဥပဒေ ကြီးလေးစွာ ချိုးဖောက်မှု သံသယဖြင့် စစ်ဆေးနေကြောင်း တရုတ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က နိုဝင်ဘာလ ၂၄ ရက်တွင် ရုတ်တရက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ခြင်း မရှိပေ။ ယင်းမှာ ၂၀၂၅ ခုနှစ်နောက်ပိုင်း စစ်ဆေးခံရသည့် လေးဦးမြောက် ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဖြစ်လာသူဖြစ်သည်။

အဆိုပါသတင်း ထွက်ပေါ်လာပြီးနောက် ရှန်ဟိုင်းပါတီ တာဝန်ရှိသူများ ညဉ့်နက်ပိုင်း အစည်းအဝေး ခေါ်ယူခဲ့ပြီး သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သည့် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း အဆုံးထိ လိုက်နာဆောင်ရွက်မည်ဟု ကတိပြုခဲ့ကြောင်း ရှန်ဟိုင်းပါတီ သတင်းစာ ဂျဲဖန်နေ့စဉ် (Jiefang Daily) က နိုဝင်ဘာလ ၂၅ ရက်တွင် ဖော်ပြသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ရပ်တန့်မည်မဟုတ်ဘဲ ပြတ်ပြတ်သားသား ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း အစည်းအဝေး တက်ရောက်သူများက ပြောကြားသည်။

၂၀၁၂ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖျင် အာဏာရလာကတည်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အရှိန်မြှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ချန်ကျိနင် မည်သည့်နေရာ၌ ရှိနေသည်ကို မသိရသေးသကဲ့သို့ ရှေ့နေငှားရမ်းခွင့် ရ၊ မရကိုလည်း မသေချာသေးပေ။