ဆွစ်ဇာလန် သံတမန်အကြီးအကဲကို မြောက်ကိုရီးယား နှင်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

ဆွစ်ဇာလန်နိုင်ငံက မြောက်ကိုရီးယားရှိ ကလေးစခန်းတစ်ခုကို ပိတ်ဆို့အရေးယူလိုက်သည့်အတွက် ပြုံယမ်းမြို့ရှိ ဆွစ်ဇာလန် သံတမန်ရုံး အကြီးအကဲကို မြောက်ကိုရီးယားက နှင်ထုတ်လိုက်သည်။

သံတမန်ရုံး အကြီးအကဲကို ၄၈ နာရီအတွင်း နိုင်ငံတွင်းမှ ထွက်ခွာရန်နှင့် ရုံးခန်းကို ပိတ်သိမ်းရန် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၅ ရက်တွင် ဆင့်ခေါ် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများမှ ကလေးငယ်များကို ရွှေ့ပြောင်းပေးရာတွင် ပါဝင်နေသည်ဟူသော စွပ်စွဲချက်ဖြင့် မြောက်ကိုရီးယား၏ ဆောင်ဒိုဝန် (Songdowon) နိုင်ငံတကာ ကလေးများစခန်းကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ရပ်သည် ပြောင်ကျကျ ရန်လိုမှုဖြစ်သကဲ့သို့ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားဘက်က တုံ့ပြန်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံကလည်း ကလေးများအတွက် အပန်းဖြေခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးမှုကို ပိတ်ဆို့ခြင်းမှာ မတရားကြောင်း နိုဝင်ဘာလ ၂၄ ရက်တွင် ဝေဖန်ခဲ့သည်။

ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒသည် သံတမန်ရုံး ဖွင့်လှစ်ထားခြင်းနှင့် သီးခြားစီဖြစ်ကြောင်း တုံ့ပြန်ထားပြီး သဘောထားကွဲလွဲမှုများ ရှိနေသည့် နိုင်ငံများနှင့်ပါ ဆွေးနွေးမှု လမ်းကြောင်းများ ဆက်လက်ရှိနေစေရန် သံတမန်ရုံးကို ပြန်လည်ဖွင့်လှစ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။